How to Boost Your Vocabulary Without Memorizing Lists

ဘာသာစကားသင်ယူရာမှာ Grammar ကို သေချာနားလည်ပြီး အသုံးချနိုင်ရုံနဲ့မလုံလောက်ပါဘူး။ အသုံးပြုနိုင်မယ့်စကားလုံးတွေသာမရှိရင်တော့ ဘာသာစကားကျွမ်းကျင်မှုမှာ ရှေ့ဆက်တိုးလို့မရပါဘူး။ Vocabulary ဆိုတာကတော့ ကိုယ့်အတွက် ကမ္ဘာအသစ်ကို ဖွင့်ပေးပြီး ဘာသာစကားသင်ယူလေ့လာရတာကို ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။

Share your love : ❤️

Vocabulary တွေကို အလွတ်မကျက်ဘဲ အလွယ်တကူမှတ်မိနိုင်မယ့် နည်းလမ်းများ

ဘာသာစကားအသစ်တစ်ခုသင်ယူတိုင်း စကားလုံးတွေကို မရမချင်းအလွတ်ကျက်နေတုန်းလား? ဘယ်လောက်ကျက်ကျက် အချိန်တန်ရင် မေ့သွားကြတယ်မလား? ဒီနှစ်ခုကြားမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သေချာသိရှိနားလည်ထားမယ်ဆိုရင် စကားလုံးတွေကို သေချာမှတ်မိနိုင်ဖို့အတွက် ကိုယ်ပိုင်နည်းလမ်းတွေ ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

ဘာသာစကားသင်ယူရာမှာ Grammar ကို သေချာနားလည်ပြီး အသုံးချနိုင်ရုံနဲ့မလုံလောက်ပါဘူး။ အသုံးပြုနိုင်မယ့်စကားလုံးတွေသာမရှိရင်တော့ ဘာသာစကားကျွမ်းကျင်မှုမှာ ရှေ့ဆက်တိုးလို့မရပါဘူး။ Vocabulary ဆိုတာကတော့ ကိုယ့်အတွက် ကမ္ဘာအသစ်ကို ဖွင့်ပေးပြီး ဘာသာစကားသင်ယူလေ့လာရတာကို ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။

ဒါပေမယ့် တကယ်တမ်းသုံးရမယ့်အချိန်ကျရင်တော့ အဲ့ဒီအလွတ်ကျက်ထားတဲ့စကားလုံးတွေကို သုံးဖို့မေ့သွားတတ်ကြတာများပါတယ်။ အဲ့ဒီအခါ ဘာသာစကားသင်တာကို ငြီးငွေ့သွားနိုင်တဲ့အပြင်  စိတ်ဝင်စားမှုလည်း နည်းသွားတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စကားလုံးအသစ်တွေ ပိုမိုသိရှိဖို့ဆိုတာ ကြိုးစားမှုလိုအပ်သလို သေချာမှတ်သားနိုင်မယ့် ကိုယ်ပိုင်နည်းလမ်းလည်း ရှိဖို့လိုအပ်ပါတယ်။ ဒါဆိုရင် စကားလုံးတွေကို မှတ်မိအောင်လုပ်နိုင်မယ့် နည်းလမ်းတွေကို Hype Think Education နဲ့ အတူတူအဖြေရှာကြည့်ကြရအောင်နော်။

မှတ်မိဖို့ အထောက်အကူပြုနည်းလမ်း [Memory Techniques] အသုံးပြုပါ။

စကားလုံးတွေကို စိတ်ကူးဖန်တီးနည်း [Mnemonics] နဲ့ မှတ်မိအောင်လုပ်ပါ။ ဥပမာအနေနဲ့ဆိုရင် Acronym [အတိုကောက်ပုံစံ] တစ်ခုဖြစ်တဲ့ “STORE” ဆိုတဲ့ စကားလုံးကို Spaghetti, Tomatoes, Olives, Rice, Eggs လို့ အကျယ်ဖြန့်ပြန်လည်ရေးသားမယ်ဆိုရင် စကားလုံးတွေကို ပိုမှတ်မိစေနိုင်ပါတယ်။

သင်ယူဖို့ ပတ်ဝန်းကျင်ကို ဖန်တီးလိုက်ပါ။ 

နိုင်ငံခြားမှာ နေထိုင်တဲ့အချိန်အတောအတွင်းမှာ ဘာသာစကားအသစ်ကို နေ့စဉ်သုံးနေရတာကြောင့် မြန်မြန်လေ့လာနိုင်သလို နိုင်ငံခြားမသွားဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ထဲမှာပဲ စကားလုံးအသစ်တွေအတွက် သင်ယူဖို့ သင့်တော်တဲ့ပတ်ဝန်းကျင်ဖန်တီးနိုင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုရင်တော့ စာအုပ်၊ Magazine တွေကို ဖတ်ပြီး စကားလုံးအသစ်တွေကိုလေ့လာမှတ်သားတာ၊ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေကို Original Version နဲ့ကြည့်တာ၊ နိုင်ငံခြားအစားအစာတွေကို ချက်စားပြီး စကားလုံးအသစ်တွေ ရှာဖတ်တာက  ကိုယ့်ဘေးမှာ အချိန်တိုင်း ဘာသာစကားကို ထိတွေ့နေရတာကြောင့် သင်ယူမှုကို ပိုမှတ်မိအောင် ကူညီပေးနိုင်ပါတယ်။

စကားလုံးတွေကို အကြောင်းအရာနဲ့ တွဲမှတ်ပါ။

စကားလုံးအသစ်တစ်လုံးတည်းကို မှတ်သားတာထက် အဲ့စကားလုံးကို အသုံးပြုပြီး  စာကြောင်းတစ်ခုဖန်တီးတာက ပိုကောင်းပါတယ်။ ဥပမာပြောပြရမယ်ဆိုရင်တော့ “Delicious” ဆိုတာကို “The Noodles Are Delicious” လို့ရေးလိုက်မယ်ဆိုရင် စကားလုံးနဲ့ အသုံးပြုနည်းကိုတစ်ခါတည်း သိရှိနိုင်သလို ပုံရိပ်နဲ့ တွဲဖက်လိုက်ရင် ပိုမှတ်မိစေနိုင်မှာပဲဖြစ်ပါတယ်။

စနစ်တကျ တိုးတက်အောင်လုပ်ပါ။

ဘာသာစကားသင်ယူမှုကို ပုံမှန်လေ့ကျင့်ခြင်းထက် တမူထူးခြားတဲ့ပုံစံနဲ့ လေ့လာမယ်ဆိုရင်တော့ ဒီနည်းလမ်းကိုစမ်းကြည့်သင့်ပါတယ်။ ဘာသာစကားသင်ယူလေ့လာတဲ့အခါ  စကားလုံးတစ်လုံးကိုသိတာနဲ့ပဲ မရပါဘူး။ အဲဒီစကားလုံးနဲ့ ပတ်သက်တဲ့ ဆန့်ကျင်ဘက်အကြောင်းအရာ [Antonyms]၊ အဓိပ္ပာယ်တူစကားလုံးများ [Synonyms]၊ ချိတ်ဆက်သုံးနိုင်တဲ့စကားလုံးတွေကို Mind Map ပုံစံနဲ့ရေးကြည့်ပါ။

ဥပမာ “ Happy” ဆိုတဲ့စကားလုံးကို Synonyms: Joyful, Glad, Cheerful ၊ Antonyms: Sad, Unhappy, Miserable ၊ Related: Smile, Laugh, Celebrate တွေနဲ့ ချိတ်ဆက်ပြီး တွေးမြင်မှတ်သားကြည့်ပါ။ ဒါပေမယ့် အဲဒီစကားလုံးတွေကို  မြန်မာလိုဘာသာပြန်လိုက်တာထက် ကိုယ်သင်ယူလေ့လာနေတဲ့ဘာသာစကားနဲ့ပဲရေးလိုက်တာက သင်ယူမှုကို ပိုမိုတိုးတက်စေလာပါလိမ့်မယ်။

ကိုယ့်အတွက်အကောင်းဆုံးနည်းလမ်းကို ရှာပါ။

လူတိုင်းက သင်ယူတဲ့ပုံစံ မတူကြပါဘူး။ တချို့က မြင်တာနဲ့ သေချာမှတ်မိတတ်ကြသလို တချို့က နားထောင်ရတာနဲ့ပဲ အလွယ်တကူမှတ်မိတတ်ကြတာကြောင့် ကိုယ့်အတွက် အလုပ်ဖြစ်စေနိုင်မယ့် နည်းလမ်းတွေကို စမ်းသပ်ပြီး ရှာဖွေဖို့လိုပါတယ်။ 

စမ်းသပ်သင့်တဲ့နည်းလမ်းတွေထဲမှာ ~

  • Flashcards [စကားလုံးနဲ့အဓိပ္ပာယ်ကိုဖလှယ်ပြီး မှတ်မိတဲ့ကဒ်များ]
  • Mobile Apps [Quizlet, Anki, Duolingo စတဲ့ App များ]
  • Vocabulary Lists
  • Word Games [Crossword, Word Match, Memory Game]
  • Post-it Notes [ပတ်ဝန်းကျင်မှာ စကားလုံးတွဲတွေကို ကပ်ထားခြင်း] စတာတွေပဲဖြစ်ပါတယ်။

တချို့လူတွေက နေ့စဉ်သတ်မှတ်ထားတဲ့ အချိန်ဇယား [Schedule] အလိုက် ပြုလုပ်တတ်ကြသလို တချို့ကတော့ အချိန်ရသလောက်လေ့ကျင့်တတ်ကြတယ်။ အရေးကြီးတာကတော့ သင်ယူမှုကို အမြဲတမ်းလုပ်နိုင်ဖို့အတွက် မပျက်မကွက်လုပ်တတ်တဲ့အလေ့အကျင့် တစ်ခုဖန်တီးဖို့လိုပါတယ်။

ကိုယ့်အတွက် အသုံးဝင်တဲ့စကားလုံးတွေကို အာရုံစိုက်ပါ။ 

ဘာသာစကားတိုးတက်ချင်ပေမယ့် အချိန်နည်းနည်းပဲရှိတယ်ဆိုရင်တော့ အရေးကြီးတာက လူသုံးများတဲ့ စကားလုံးတွေကိုမဖတ်ဘဲ ကိုယ့်အတွက် အသုံးဝင်တာတွေပဲ ရွေးဖတ်တတ်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ Marketing နဲ့ ပတ်သက်ပြီးလေ့လာနေတယ်ဆိုရင် Marketing, Business, Communication, Presentation ဆိုတဲ့အကြောင်းအရာနဲ့သက်ဆိုင်တဲ့ စကားလုံးတွေကို ပိုအာရုံစိုက်ပါ။

ဒီနည်းလမ်းက တကယ်တမ်း အသုံးပြုနိုင်မယ့် စကားလုံးတွေကို သင်ယူတဲ့အခါ  သတိထားမိလွယ်တယ်၊ အသုံးပြုဖို့ အခွင့်အရေးရှိတယ်၊ သုံးဖို့လိုတဲ့အခါတိုင်း စကားလုံးတွေကိုမှတ်မိနေစေမှာပဲဖြစ်ပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်အိပ်မက်၊ ကိုယ့်နေ့စဉ်ဘဝနဲ့ သက်ဆိုင်ပြီး အသုံးဝင်စေမယ့်စကားလုံးတွေကိုပဲ ရွေးဖတ်ခြင်းက တကယ်အကျိုးရှိတဲ့ Vocabulary Booster နည်းလမ်းပဲဖြစ်ပါတယ်။

[ Conclusion ] 

စကားလုံးအသစ်တွေကို မှတ်မိနိုင်ဖို့ဆိုတာ ကြိုးစားချင်စိတ်၊ ပုံမှန်လေ့ကျင့်မှုနဲ့ ကိုယ့်အတွက် ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို ရှာဖွေတတ်မှုတို့အပေါ်မှာပဲ မူတည်ပါတယ်။ နည်းလမ်းတွေကို စမ်းသုံးကြည့်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အရာကို ရှာဖွေထားမယ်ဆိုရင်  ဘာသာစကားသင်ယူလေ့လာခြင်းက ပိုမိုပျော်ရွှင်စရာကောင်းလာမှာဖြစ်ပါတယ်။

လူငယ်တိုင်း ကောင်းမွန်တဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အကျိုးရှိစေမယ့် အကြောင်းအရာအသစ်တွေကို မျှဝေပေးသွားမှာမို့ Hype Think Education ကို Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။

Content Writer Saw Yu Nwe

Graphic

Share your love : ❤️