“ ဘဝမုန်တိုင်းကြားမှာ ရပ်တည်နိုင်ဖို့ဆိုရင် နည်းလမ်းတစ်ခုပဲလိုတယ်”
ဘဝက အနိမ့်အမြင့်အတက်အဆင်းတွေနဲ့ ပြည့်နှက်နေပြီး အခက်အခဲတွေကို ကျော်ဖြတ်ရတာက လူ့ဘဝမှာ မဖြစ်မနေလုပ်ဆောင်ရတဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်။ ဘဝဆိုတာ လှုပ်ရှားနေဆဲ ပင်လယ်သမုဒ္ဒရာထဲက သင်္ဘောတစ်စင်းလိုပဲဖြစ်ပါတယ်။ တချို့နေ့တွေမှာ တည်တည်ငြိမ်ငြိမ်ရွက်လွှင့်နေပေမယ့် တခြားနေ့တွေမှာတော့ မုန်တိုင်းကြောင့် ခက်ခက်ခဲခဲကြိုးစားကျော်ဖြတ်ရတာတွေ၊ စိတ်ဓာတ်ကျစရာအခြေအနေတွေနဲ့ ရင်ဆိုင်ဖို့ ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ လူတိုင်းအတွက် လိုအပ်တာတစ်ခုကတော့ “စိတ်ဓာတ်ကြံ့ခိုင်မှု [Mental Resilience] ဖြစ်ပါတယ်။
စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာက လူတိုင်းမှာသဘာဝအတိုင်းရှိနေတဲ့ အရည်အချင်းမျိုးမဟုတ်ပါဘူး။
ဒါက တဖြည်းဖြည်းနဲ့ ခံစားချက်တွေကိုနားလည်တတ်လာပြီး စိန်ခေါ်မှုတွေကိုဖြေရှင်းနိုင်ဖို့ စဉ်ဆက်မပြတ်ကြိုးစားမှုနဲ့ တည်ဆောက်ရတဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကောင်းဖို့ဆိုတာ အတန်းထဲမှာတင်မဟုတ်ဘဲ ဘဝရဲ့စိန်ခေါ်မှုတွေနဲ့ မရင်ဆိုင်ခင် စိတ်ဓာတ်ကို ချက်ချင်းမပျက်ဆီးဖို့အပြင် ယိုင်လဲမသွားဖို့အတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့လည်း အရေးကြီးပါတယ်။
ဒီလိုမျိုး စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ခြင်းက ကိုယ့်ကိုယ်ကိုယ် ပိုပြီးနားလည်လာစေပြီး၊ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကိုလည်းတိုးတက်လာစေသလို အနာဂတ်မှာ ဘယ်လိုပြဿနာတွေပဲဖြစ်လာလာ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို ဖန်တီးပေးတာကြောင့် Hype Think Education ကနေ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘဝအခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုစိတ်နေစိတ်ထားမျိုးတည်ဆောက်ရမလဲဆိုတာကို တစ်ပုံချင်းစီအသေးစိတ်ပြောပြပေးသွားမှာမို့လို့ အဆုံးထိ ဖတ်ရှုပေးပါဦးနော်။
စိတ်ဓာတ်ကြံ့ခိုင်မှု [Resilience] ဆိုတာ ဘာလဲ?
စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာက အခက်အခဲတွေကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ချိန်ညှိပြီး ထိန်းသိမ်းနိုင်တဲ့အပြင် ဘဝအနိမ့်အမြင့်အတက်အကျတွေထဲကနေ ကြီးပွားတိုးတက်နိုင်စွမ်းဖြစ်ပါတယ်။ အခက်အခဲတွေကို ရှောင်ရှားခြင်းမဟုတ်ဘဲ လက်ရှိမှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး ကြိုးစားတုံ့ပြန်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတွေက စိတ်တည်ငြိမ်မှုရှိသလို သေသေချာချာစဉ်းစားတတ်ကြပြီး ပြဿနာတွေကို ရင်ဆိုင်တတ်ဖို့အတွက် နည်းလမ်းတွေကိုရှာဖွေတတ်ကြပါတယ်။
အမြဲတမ်းလေ့လာဖို့ စိတ်နေစိတ်ထား [Growth Mindset] တည်ဆောက်ပါ။
ဘဝမှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့အခါ သင်ယူဖို့အခွင့်အရေးတစ်ခုအဖြစ်မြင်နိုင်ဖို့လိုအပ်ပါတယ်။ အဲဒီလိုမျိုး Growth Mindset ဆိုတဲ့စိတ်နေစိတ်ထားဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖို့ အခွင့်အရေးတွေ ရှာဖွေတတ်စေပြီး၊ အတိတ်ကအမှားတွေကိုလည်း ကျော်လွှားရာမှာ အကူအညီပေးပါတယ်။ ဒီအခက်အခဲကနေ ဘာတွေသင်ယူလို့ရမလဲ၊ နောက်တစ်ခါ အလားတူအခြေအနေတွေကို ဘယ်လိုပိုကောင်းအောင် ရင်ဆိုင်နိုင်မလဲဆိုတာတွေကို အမြဲစဉ်းစားပြီး စိတ်အားတက်ကြွစွာ ရင်ဆိုင်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ တကယ်တမ်း ကိုယ်မထိန်းနိုင်တဲ့အရာတွေကို လက်လွှတ်ပြီး ကိုယ်ထိန်းနိုင်တဲ့အရာတွေကိုသာ အာရုံစိုက်သင့်ပါတယ်။
ကောင်းမွန်တဲ့ ရပ်ဝန်းတစ်ခုကို တည်ဆောက်ပါ။
ဘဝမှာ ကျော်လွှားရမယ့် အခက်အခဲတွေကို တစ်ကိုယ်တည်း ရင်ဆိုင်ဖို့ မဟုတ်ပါဘူး။ မိသားစု၊ မိတ်ဆွေ၊ ပညာရှင်များနဲ့ ဆက်သွယ်မှုကောင်းကောင်း ရှိဖို့ အရမ်းအရေးကြီးပါတယ်။ ကောင်းမွန်တဲ့ လူတွေ၊ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူတွေနဲ့ မိသားစုဆိုတာက စိတ်ဒဏ်ရာတွေကို ပိုမိုသက်သာစေပြီး စိတ်ရောကိုယ်ပါ တိုးတက်စေပါတယ်။ လိုအပ်တဲ့အချိန်မှာ အကူအညီတောင်းဖို့ မကြောက်ပါနဲ့။ အကူအညီတောင်းခြင်းဟာ သင့်ကို ပိုမိုခိုင်မာအောင် လုပ်ပေးနိုင်တဲ့ အဆင့်တစ်ခုပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေ၊ မိသားစုနဲ့ ပြောဆိုတာက စိတ်ကို ဖြေလျော့ပေးပြီး အခက်အခဲတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ဖို့ အထောက်အကူပြုပါတယ်။
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ [Self-Care]
စိတ်ကျန်းမာရေးကို ထိန်းသိမ်းဖို့၊ စိတ်ဒဏ်ရာတွေကို ကာကွယ်ဖို့ မကြာခဏ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးရပါမယ်။နေ့စဉ်အားကစားလှုပ်ရှားမှု၊ အာဟာရညီညွတ်အောင် စားခြင်း၊ ကောင်းမွန်စွာအိပ်စက်ခြင်းတွေက စိတ်ဓာတ်ကို ခိုင်မာစေဖို့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။ ထို့ပြင် ငြိမ်းချမ်းစွာတရားထိုင်ခြင်း [Loving-Kindness Meditation] ၊ နက်ရှိုင်းစွာ အသက်ရှူခြင်း [Deep Breathing] ၊ Yoga လုပ်ခြင်းတွေက စိတ်ကိုအေးချမ်းစေပြီး ဖိစီးမှုတွေကို လျော့နည်းစေတဲ့နည်းလမ်းတွေဖြစ်တာမို့လို့ သေချာလေ့ကျင့်သင့်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ကိုယ့်ကိုပျော်စေနိုင်တဲ့အရာတွေကိုပဲလုပ်ဖို့ဖြစ်ပါတယ်။ ပန်းချီရေးတာ၊ ဂီတနားထောင်တာ၊ လမ်းလျှောက်တာဖြစ်ဖြစ် ကိုယ့်စိတ်ကိုပျော်စေတဲ့အရာကို ရှာပြီး အချိန်ပေးတာက စိတ်ရှည်တတ်လာပြီး စိန်ခေါ်မှုတွေကို ပိုပြီးတည်ငြိမ်စွာ ဖြေရှင်းနိုင်လာပါလိမ့်မယ်။
ပြဿနာဖြေရှင်းနိုင်စွမ်း တိုးတက်အောင်လုပ်ပါ။
ဘဝမှာ ပြဿနာကြီးတွေကြုံလာတဲ့အခါ အကြာကြီးစိတ်ပျက်မနေဘဲ သေးသေးလေးတွေ ခွဲထုတ်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားကြည့်ပါ။ အရမ်းကြီးတဲ့ ပြဿနာတစ်ခုလို့တွေးနေမယ့်အစား ဒီအကြောင်းအရာကနေ ဘာလုပ်လို့ရမလဲလို့ သေးငယ်တဲ့အဆင့်အနေနဲ့ အရင်စဉ်းစားကြည့်ပါ။ တစ်ခါတလေ မဖြေရှင်းနိုင်ဘူးဆိုတဲ့အတွေးတွေက ကိုယ့်ကိုတောင် ပိတ်ပင်တားမြစ်တတ်တာကြောင့် ဒီလိုအချိန်မှာ အခုအခြေအနေက ဘာလို့ဖြစ်လာတာလဲ၊အခုငါဘာလုပ်လို့ရမလဲဆိုတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့လိုပါတယ်။
အခက်အခဲနဲ့ရင်ဆိုင်တဲ့အခါ ~
အမှန်တကယ်ဖြစ်ပျက်နေတဲ့ ကိစ္စအကြောင်းအရာကို ခွဲခြားစဉ်းစားနိုင်ဖို့၊ ဖြေရှင်းဖို့နည်းလမ်းအမျိုးမျိုးကို ရှာဖွေလုပ်ဆောင်နိုင်ဖို့၊ အကြံဉာဏ်နဲ့ ကြံစည်ဖြေရှင်းတတ်ဖို့ဆိုတာတွေက စိတ်ပိုင်းကျန်းမာရေးနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အရေးကြီးပါတယ်။ ပြဿနာဖြေရှင်းတတ်လာတဲ့အခါမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ပျက်စရာတွေဟာတဖြည်းဖြည်းနဲ့ လျော့နည်းသွားပြီး ကိုယ့်ဘဝမှာဖြစ်လာမယ့် အခက်အခဲအသစ်တွေအပေါ်မှာတောင် တည်ငြိမ်စွာဖြေရှင်းနိုင်သွားပါလိမ့်မယ်။
အဓိပ္ပါယ်ရှိတဲ့ဘဝကို တည်ဆောက်ပါ။
ဘဝကို အဓိပ္ပါယ်ရှိအောင် ကြိုးစားတတ်တဲ့သူတွေက စိတ်ပိုင်းဆိုင်ရာအားကောင်းကြပါတယ်။ မိမိဘဝမှာ ဘာလုပ်သင့်သလဲ၊ ဘာအတွက်နေနေတာလဲဆိုတဲ့ အဓိပ္ပါယ်တစ်ခုရှိလာတဲ့အခါမှာ တကယ်တန်ဖိုးရှိတဲ့ဘဝဖြစ်လာပါတယ်။ကိုယ့်စိတ်ကိုဖြည့်စွက်ပေးတဲ့အလုပ်တစ်ခုကို ရှာဖွေဖို့၊ မိသားစု၊ မိတ်ဆွေတွေအတွက် အချိန်ပေးဖို့၊ သဘာဝအပေါ် အထောက်အကူပြုတဲ့ လူမှုဝန်ထမ်းလုပ်ငန်းတွေမှာ ပါဝင်လာတာတွေက သာမန်လို့ယူဆရပေမယ့် ကိုယ့်ဘဝကို ပိုပြီးအဓိပ္ပါယ်ရှိအောင် ပြောင်းလဲပေးနိုင်ပါတယ်။
တစ်ခါတလေ ဘဝကအဆိုးဆုံးဖြစ်နေချိန်မှာတောင် “တစ်နေ့”ဆိုတဲ့မျှော်လင့်ချက်ရှိနေမယ်ဆိုရင် စိတ်ဓာတ်ကျခြင်း၊ အနာဂတ်ကိုကြောက်ခြင်းတွေထဲမှာ မြုပ်မနေတော့ဘဲ တိုးတက်ဖို့အတွက် စိတ်ခွန်အားအပြည့်နဲ့ ရှိနေတတ်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ဘဝတစ်ခု တည်ဆောက်ဖို့ဆိုတာ ကမ္ဘာကြီးကို ပြောင်းလဲဖို့မလိုဘဲ လက်ရှိရှိနေတဲ့နေရာကနေ စတင်ပြီး တန်ဖိုးရှိတဲ့အရာတစ်ခုကိုဖန်တီးတတ်ဖို့ပဲလိုအပ်ပါတယ်။
[Conclusion]
ဘဝဆိုတာ အမြဲတမ်းတော့ ချောချောမွေ့မွေ့ဖြစ်နေမယ်လို့ယူဆလို့မရပါဘူး။ တစ်ခါတလေမှာတော့ အလုပ်ကြောင့် ပင်ပန်းမှု၊ စိတ်ဓာတ်ကျစရာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ “ Resilience” ဆိုတဲ့စွမ်းရည်ကို တဖြည်းဖြည်း တည်ဆောက်နိုင်မယ်ဆိုရင် သင်ဟာ ဘယ်လိုမုန်တိုင်းမဆို ကျော်ဖြတ်နိုင်တဲ့ သင်္ဘောတစ်စင်းလို ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုနဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်တတ်တဲ့စိတ်ဓာတ်ကြံ့ခိုင်မှုတစ်ခုက သင့်ဘဝကို ပိုပြီးတည်မြဲအောင် ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး လူငယ်တိုင်း ကောင်းမွန်တဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အကျိုးရှိစေမယ့် အကြောင်းအရာအသစ်တွေကို မျှဝေပေးသွားမှာမို့ Hype Think Education ကို Follow လုပ်ထားဖို့ မမေ့ကြနဲ့နော်။
Content Writer Saw Yu Nwe
Graphic