Toxic ဖြစ်နေတဲ့ပေါင်းသင်းဆက်ဆံရေးကနေ ဘယ်လိုရုန်းထွက်ကြမလဲ?
ကိုယ့်အနေနဲ့ သူငယ်ချင်းမိတ်ဆွေပေါင်းသင်းဆက်ဆံရေးတွေကို ရပ်တန့်လိုက်မယ်ဆိုရင် လုံခြုံတယ်လို့ခံစားရပြီး ဆက်ပေါင်းသင်းနေမယ်ဆို Toxic ဖြစ်နိုင်တယ်လို့ ခံစားနေရပြီလား?
မိတ်ဆွေအပေါင်းအသင်းဆိုတာ တကယ်တော့ ဘဝရဲ့ ပျော်ရွှင်မှုတွေထဲက တစ်ခုအဖြစ်နဲ့တည်ရှိဖို့ လိုအပ်ပါတယ်။ ကိုယ်ရဲ့ အောင်မြင်မှုတွေကိုလည်း အတူတူဝမ်းမြောက်ပေးသလို ခက်ခဲတဲ့ အချိန်တွေတိုင်းမှာလည်း ကိုယ့်ဘေးမှာ အမြဲရပ်တည်ပေးကြတဲ့ သူမျိုးပဲ ဖြစ်သင့်ပါတယ်။
ဒါပေမဲ့ တစ်ခါတလေတော့ အရမ်းရင်းနှီးတဲ့ခင်မင်မှုတွေကနေ Toxic ဆက်ဆံရေးအဖြစ်ကို ပြောင်းလဲသွားတတ်တာကြောင့် Toxic ဖြစ်စေတဲ့မိတ်ဆွေတွေက ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတွေကို ယုတ်လျော့ခြင်း၊ ကိုယ့်ရဲ့ တန်ဖိုးကို ထိခိုက်စေခြင်း နဲ့ ကိုယ့်ကိုယ်ကို သံသယစိတ်ဖြစ်ခြင်း စတဲ့အချက်တွေကို ခံစားရစေပါတယ်။
ဒါကြောင့် ကိုယ့်အနေနဲ့ ဒီလိုဆက်ဆံရေးမျိုးကို ရပ်တန့်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာအောင်နေထိုင်ဖို့က အရေးကြီးဆုံးအချက် တစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် Hype Think Education ကနေ ဘယ်လိုပုံစံရှိတဲ့ ပေါင်းသင်းဆက်ဆံရေးက Toxic ဖြစ်နေမလဲ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ချစ်တတ်လာဖို့ ဘယ်လိုမျိုးတွေလုပ်ဆောင်ရမလဲ ဆိုတာတွေကို မျှဝေပေးသွားမှာမို့ အတူလေ့လာကြည့်ကြရအောင်။
ဘာလို့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးရှိဖို့ လိုအပ်တာလဲ?
သုတေသနပညာရှင်တွေက “ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးတွေက ကျွန်ုပ်တို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေကိုထိန်းသိမ်းဖို့အတွက် အများကြီး အကျိုးသက်ရောက်မှုရှိတယ်” ဆိုတာကြောင့် အပြန်အလှန်လေးနက်တဲ့ချစ်ခြင်းမေတ္တာမရှိသော ဆက်ဆံရေးတစ်ခုက စိတ်ခံစားချက်တွေကို တဖြည်းဖြည်းချင်း ယုတ်လျော့သွားစေပါတယ်။ ဒါကြောင့် Toxic ဖြစ်စေတဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်ကိုယ်ကို ကန့်သတ်ထားတာ၊ သီးခြားနေတာ ဒါမှမဟုတ် နှုတ်ဆက်လမ်းခွဲတာတွေ ပြုလုပ်နိုင်ဖို့ လိုအပ်ပါတယ်။
Toxic ဖြစ်စေတဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘယ်လိုအချက်တွေကနေ သိနိုင်မလဲ?
ဒီအချက်တွေထဲကနေ တစ်ချက်ကိုပဲဖြစ်ဖြစ် ခံစားနေရတယ်ဆိုရင် ဒါဟာ ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးက ကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်မနေနိုင်ဘူးဆိုတာ သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။
- အမြဲကိုယ်နဲ့ဆန့်ကျင်ဘက်လုပ်ရပ်တွေကိုပဲ အမြဲပြုမူလုပ်ဆောင်နေခြင်း
- ကိုယ့်ရဲ့ အောင်မြင်မှုအပေါ်မှာ ဝမ်းမြောက်ပေးဖို့ခက်ခဲခြင်း
- အမြဲမနာလိုခြင်း
- တစ်ဖက်လူအတွက်စဉ်းစားပေးသလိုနဲ့ စိတ်ဖိစီးမှုဖြစ်အောင် ဖိအားပေးထိန်းချုပ်ခြင်း
- အကြံပေးသလိုလိုနဲ့ စိတ်ထိခိုက်အောင်ပြောဆိုခြင်း
- မျှတမှုမရှိတဲ့ စံနှုန်းတွေနဲ့ အမြဲတိုင်းတာခြင်း
- မယုံနိုင်လောက်အောင် အပြောင်းအလဲမြန်ခြင်း
- ယုံကြည်မှုကိုချိုးဖောက်ခြင်း
- အမြဲတစ်ဖက်သတ်ဆန်စွာ ဆက်ဆံခြင်း စတဲ့အချက်တွေကနေ ကိုယ့်မှာရှိနေတဲ့သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆက်ဆံရေးကို ဆန်းစစ်ကြည့်ပါ။
တစ်ခါတစ်ရံမှာ Toxic ဖြစ်စေတဲ့ဆက်ဆံရေးဟာ ငယ်စဉ်က စိတ်ဒဏ်ရာ၊ စိတ်ဖိစီးမှု နဲ့ ADHD [Attention Deficit Hyperactivity Disorder] လို့ခေါ်တဲ့ “အာရုံစူးစိုက်မှုချို့တဲ့ခြင်းနဲ့ တက်ကြွလှုပ်ရှားမှုရောဂါ” စတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေကိုနားလည်ပေးနိုင်ဖို့ လိုအပ်ပေမဲ့လည်း တာဝန်ယူမှုမရှိဘဲ ခဏခဏအဆင်မပြေဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ကန့်သတ်တားဆီးမှုတွေကို သေချာပြုလုပ်ထားဖို့လိုအပ်ပါတယ်။
အရေးကြီးဆုံးအချက်က သူတို့ရဲ့ စိတ်ခံစားချက်မှာ ဖြစ်ပေါ်နေတာမို့ ကိုယ့်အနေနဲ့ အဲ့လိုလူတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားလည်း အကျိုးမရှိနိုင်ဘူးဆိုတာ သိရှိထားမယ်ဆိုရင် Toxic ဖြစ်စေတဲ့ ဆက်ဆံရေးတွေကနေ ဒီနည်းလမ်း [2] ခု ထဲက အဆင်ပြေနိုင်မယ်ထင်တဲ့ တစ်ခုကို အသုံးပြုပြီး ရုန်းထွက်ကြည့်ပါ။
နည်းလမ်း [1] တကယ်လို့ ကိုယ်နဲ့ Toxic ဖြစ်နေတဲ့ အပေါင်းအသင်းတွေရဲ့ ဆက်ဆံရေးက တန်ဖိုးထားမျှော်လင့်လို့ရသေးတယ်ဆိုရင် ဒီအချက်တွေကို ပြုလုပ်ကြည့်ပါ။
- ရိုးရိုးသားသား နဲ့ ပွင့်လင်းစွာပြောဆိုပါ။ အပြစ်တင်တဲ့အသုံးအနှုန်းအစား “ငါဆိုရင်” စတဲ့ အသုံးအနှုန်းမျိုးနဲ့ ပြောပေးပါ။
- ကိုယ်နဲ့သူတို့ရဲ့ ကြားကအခြေအနေကို သေချာညှိနှိုင်းပါ။ ဥပမာ – အခြားသူတွေရှေ့မှာ ကိုယ့်ကို ဝေဖန်ရင် နာကျင်ခံစားရကြောင်း၊ မကြိုက်ကြောင်း ပြောပြပြီး အချင်းချင်းနားလည်မှုရယူပါ။
- ကိုယ်လက်ခံနိုင်တဲ့ အနေအထားကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပြထားပါ။
- ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ပါဝင်ပတ်သတ်မှုမရှိအောင် အမြဲကန့်သတ်ထားပါ။
- လိုအပ်ရင် အချင်းချင်း နားလည်ဖို့ အချိန်ယူစဉ်းစားပါ။
နည်းလမ်း [2] Toxic ဖြစ်နေတဲ့ ပေါင်းသင်းဆက်ဆံရေးကို အဆုံးသတ်လိုက်ပါ။
တစ်ခါတလေမှာ မကောင်းတဲ့ ဆက်ဆံရေးတစ်ခုကို ဖြတ်ချလိုက်ခြင်းကပဲ ကိုယ့်ရဲ့ စိတ်အခြေအနေကို ပိုမိုကောင်းမွန်စေနိုင်တာမို့ Toxic ဖြစ်စေတဲ့ ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါ။
ဒီအချက် [2] ချက်ထဲမှာ Toxic ဖြစ်စေတဲ့ ဆက်ဆံရေးကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာတွေသိရှိပြီးပြီဆိုတော့ ကိုယ့်ကိုယ်ကို ပြန်ချစ်တတ်အောင် ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
တည်မြဲပြီးသားပေါင်းသင်းဆက်ဆံရေးတစ်ခုကို အဆုံးသတ်လိုက်တာက နာကျင်ခံစားရစေပါတယ်။ ဒီလို Toxic ဖြစ်စေတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခုကို အဆုံးသတ်လိုက်တာက စိတ်ဓာတ်ကျသွားဖို့ မဟုတ်ဘဲ ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေနဲ့ အချိန်ဖြုန်းခြင်း၊ ကိုယ်ဝါသနာပါတဲ့ အရာတွေကို လုပ်ကိုင်ခြင်း၊ စာရေးခြင်း၊ သဘာဝတရားနဲ့ ထိတွေ့ခြင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခြင်း၊ ကိုယ့်ကိုယ်ကို နားလည်ပြီး ချစ်တတ်ခြင်း နဲ့ လိုအပ်ရင် စိတ်ကျန်းမာရေးအထောက်အကူပြုသူတွေစီသွားပြီး တဖြည်းဖြည်းချင်း ပြန်လည်သန်မာလာအောင်တည်ဆောက်နိုင်ပါတယ်။
ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုနဲ့စိတ်ဓာတ်ကလည်း တန်ဖိုးရှိသလို ပေါင်းသင်းဆက်ဆံရေးဆိုတဲ့အရာက ကိုယ့်ကို ထိခိုက်နစ်နာစေဖို့ မဟုတ်ဘူးဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်အနေနဲ့ ဒီလို Toxic ဖြစ်နေတဲ့ ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲမလား၊ ဒီတိုင်းပဲ ဆက်သွားမလား ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်ရှိတာမို့ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကို ပိုချစ်တတ်အောင်နေထိုင်ဖို့ကို စတင်ပြီး Toxic ဖြစ်စေတဲ့ ဆက်ဆံရေးတွေကို အမြန်ဆုံး အဆုံးသတ်လိုက်ပါ။
လူငယ်တွေအတွက်အကျိုးရှိပြီး ဗဟုသုတရရှိစေမဲ့ အကြောင်းအရာတွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ Hype Think Education ကို Like & Follow လုပ်ဖို့ မမေ့နဲ့နော်။
Content Writer Hazel K
Graphic


