ကိုယ်ယုံထားတဲ့ MBTI က တကယ်ပဲ မှန်နိုင်ပါ့မလား?
ယနေ့ခေတ်မှာ လူတွေရဲ့ စိတ်နေစိတ်ထား၊ ဆုံးဖြတ်မှုပုံစံ၊ ဆက်ဆံရေးတွေကို နားလည်ဖို့က အရေးကြီးတဲ့ကိစ္စတစ်ခုအဖြစ် ရှိနေပါတယ်။ ဒီလိုနဲ့ပဲ “ သင်က ဘယ် Type လဲ?” ဆိုတဲ့မေးခွန်းလေးနဲ့အတူ Myers-Briggs Type Indicator [ MBTI ] ဆိုတဲ့ Personality Test က လူငယ်တွေရဲ့ စိတ်ဝင်စားမှုများအကြားမှာ နာမည်ကြီးလာပါတယ်။ [ 21 ] ရာစုမှာတော့ ဒီစနစ်ကို စာသင်ခန်းတွေ၊ လုပ်ငန်းခွင်တွေ၊ ကိုယ်တိုင်ဖွံ့ဖြိုးမှုသင်တန်းတွေမှာတောင် အသုံးများလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ဖို့၊ မိသားစု၊သူငယ်ချင်း၊အလုပ်ဖော်တွေနဲ့ ပိုပြီးအဆင်ပြေစေနိုင်ဖို့ MBTI ဟာ တကယ်အသုံးဝင်ပါတယ်။
MBTI ဆိုတာဘာလဲ?
MBTI ဆိုတာ လူကိုစိတ်ပညာအရ ခွဲခြားဖော်ပြဖို့ ဖန်တီးထားတဲ့အပြင် Binary Trait [ 4 ] မျိုးဖြစ်တဲ့ [ Extraversion – Introversion, Sensing – Intuition, Thinking – Feeling, Judging – Perceiving ] အပေါ်အခြေခံပြီး Personality Types [ 16 ] မျိုးကိုထပ်မံခွဲခြမ်းထားတဲ့ ကိုယ်တိုင်ဖြေရတဲ့စစ်တမ်းတစ်ခုပဲဖြစ်ပါတယ်။
MBTI ကို ဘယ်သူဖန်တီးထားတာလဲ?
MBTI ဆိုတဲ့စနစ်ကို ဒုတိယကမ္ဘာစစ်အတွင်းမှာ Carl Jung ရဲ့ စိတ်ပိုင်းခြားနားမှုအယူအဆလို့ခေါ်တဲ့ [ Theory Of Psychological Types ] ကနေ အခြေခံပြီး Atharine Cook Briggs နဲ့ သူ့သမီး Isabel Briggs Myers တို့က ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။
Carl Jung ရဲ့ “ Theory of Psychological Types” ဆိုတာက လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ စဉ်းစားနည်း၊ ခံစားနည်း၊ ဆုံးဖြတ်နည်းတွေနဲ့ ဘဝကို ချဉ်းကပ်နည်းတွေရှိတတ်ကြောင်းကို ရှင်းပြတဲ့ စိတ်ပညာအယူအဆပဲဖြစ်ပါတယ်။ [ 1923 ] ခုနှစ်မှာ Briggs က Carl Jung ရေးသားထားတဲ့ Psychological Types စာအုပ်ကို ဖတ်မိခဲ့ပြီး သူနဲ့ သူ့သမီး Isabel တို့က Jung ရဲ့ စိတ်ပညာသဘောတရားတွေက အသုံးဝင်တာကိုသိရှိသွားတာကြောင့် စစ်ပြီးတဲ့နောက်ကမ္ဘာကို ပိုကောင်းအောင်ဖန်တီးဖို့အတွက် စိတ်ပိုင်းခြားနားမှုကိုနားလည်နိုင်အောင် Indicator တစ်ခုဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမက နှစ် [20] ကြာ ကြိုးစားပြီးတော့မှ [ 1962 ] ခုနှစ်မှာ ပထမဆုံး MBTI စစ်တမ်းကို ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
MBTI ရဲ့ အမျိုးအစား [ 16 ] မျိုးက ဘာတွေလဲ?
MBTI စနစ်မှာတော့ လူ့စိတ်လက္ခဏာကို [ 4 ] မျိုးသော အဓိကအမြင်ဖြစ်တဲ့ Binary Traits ကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် [ 16 ] မျိုးခွဲခြားနိုင်ပါတယ်။ အစဉ်လိုက်သေချာပြောပြရမယ်ဆိုရင်
ISTJ, ISFJ, INFJ, INTJ
ISTP, ISFP, INFP, INTP
ESTP, ESFP, ENFP, ENTP
ESTJ, ESFJ, ENFJ, ENTJ
ဒီအမျိုးအစားတစ်ခုချင်းစီက လူတိုင်းမှာရှိတဲ့ စဉ်းစားပုံ၊ ခံစားမှု၊ ဆုံးဖြတ်ချက်ပေးပုံ၊ အလုပ်လုပ်တဲ့ပုံစံတွေကို ခန့်မှန်းနိုင်စေပါတယ်။ ဥပမာ ~ ENFP တွေက သဘာဝအရ စိတ်ဝင်စားလွယ်ပြီး ဖန်တီးမှုအရမ်းပြင်းပြပါတယ်။ ISTJ တွေကတော့ တိကျမှု၊ တာဝန်ခံမှုနဲ့ စည်းကမ်းကိုအလေးထားတတ်ကြပါတယ်။
ဒါပေမယ့် MBTI ဟာ ရှာဖွေမှုတစ်ခုလောက်သာဖြစ်ပြီး မိမိကိုယ်ကို နားလည်ဖို့ အထောက်အကူပေးတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တာမလို့ “ငါက ENFP ဆိုတော့ ဖန်တီးနိုင်စွမ်းရှိတဲ့အပြင် သူများနဲ့မတူဘဲတခြားရှုထောင့်အသစ်ကနေ ပြောင်းကြည့်တတ်တဲ့သူပဲ” ဆိုပြီး တခြားအရာတွေကို သတိမထားမိတာမဖြစ်ရအောင် လုပ်ဖို့တော့လိုအပ်ပါတယ်။ ဒါဆို ဆက်လက်ပြီးတော့ တကယ်ပဲ MBTI က သိပ္ပံနည်းကျတဲ့စနစ်တစ်ခုလို့ သတ်မှတ်လို့ရလား? MBTI နဲ့ စိတ်ပညာနယ်ပယ်ကြားမှာ ဆက်စပ်မှုရှိရဲ့လားဆိုတာကို Hype Think Education နဲ့ အတူတူအဖြေရှာကြည့်ကြရအောင်နော်။
စိတ်ပညာနဲ့ ဘယ်လိုဆက်စပ်နေလဲ?
MBTI ကို စိတ်ပညာနယ်ပယ်နဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်ပေမယ့် သိပ္ပံနည်းကျတဲ့ စိတ်ဖော်ပြချက်စနစ်အဖြစ်တော့ လုံးဝလက်ခံထားကြတာ မဟုတ်ပါဘူး။ Carl Jung ရဲ့ စိတ်ပိုင်းခြားနားမှုအယူအဆက စိတ်ပညာနယ်ပယ်မှာ သမိုင်းဝင်ကျော်ကြားပြီး MBTI ကိုဖန်တီးရာမှာ အခြေခံအယူအဆတစ်ခုအဖြစ် သုံးထားပေမယ့် Jung ရဲ့ အယူအဆတွေဟာ လက်တွေ့အချက်အလက်တွေနဲ့ အတည်ပြုထားခြင်းမရှိတဲ့အတွက် သိပ္ပံပညာရှင်အများစုအတွက်တော့ ထောက်ခံဖို့ခက်ခဲနေပါတယ်။
တချို့သော စိတ်ပညာနယ်ပယ်မှာတော့ MBTI ကို လူတစ်ဦးရဲ့ စိတ်ထားအခြေအနေတွေကို ခန့်မှန်းဖို့၊ လူမှုဆက်ဆံရေးတိုးတက်အောင်လုပ်ဖို့အတွက် သုံးရတဲ့အခါတွေရှိပေမယ့်လည်း စိတ်ပညာလေ့လာရေး၊ စနစ်တကျ စမ်းသပ်မှုတွေလိုအပ်တဲ့ နယ်ပယ်မှာတော့ Big Five Model ကဲ့သို့သော စနစ်တွေကို ပိုမိုအသုံးပြုကြပါတယ်။
ဘာကြောင့် MBTI ကို သိပ္ပံနည်းကျတဲ့စနစ်တစ်ခုမဟုတ်ဘူးလို့ သတ်မှတ်ကြတာလဲ?
MBTI ကို စိတ်ပညာစမ်းသပ်မှုတစ်ခုအဖြစ် လူကြီးလူငယ်တိုင်းလေ့လာတတ်ကြပြီး အဓိကအားဖြင့် လူရဲ့ စိတ်လက္ခဏာ [ Personality Trait ] ကို ခွဲခြားပေးတဲ့ Test တစ်ခုပဲလို့ သိကြပါတယ်။ သို့သော် သိပ္ပံပညာရှင်များနဲ့ သုတေသနလုပ်သူအများစုအနေနဲ့တော့ သိပ္ပံနည်းကျတဲ့စနစ် တစ်ခုအဖြစ် မမှတ်သားကြတဲ့အဓိကအချက် [ 4 ] ချက်ကိုတစ်ချက်ချင်းစီ ဖော်ပြပေးလိုက်ပါတယ်။
၁။ တိကျမှုနဲ့ ယုံကြည်စိတ်ချရမှု မရှိခြင်း
MBTI သည် လူ့စိတ်ဖော်ပြချက်ကို တိတိကျကျတိုင်းတာနိုင်ခြင်းမရှိဘဲ၊ တစ်ခါတရံမှာလည်း တူညီတဲ့လူတစ်ဦးတည်းကပဲ စမ်းသပ်တိုင်းမတူညီတဲ့ရလဒ်ရနိုင်ပါတယ်။ ထိုကဲ့သို့ MBTI မှာ တိကျမှု [ Validity ] နဲ့ ယုံကြည်စိတ်ချရမှု [ Reliability ] နှစ်ခုလုံးမရှိတာကြောင့် သိပ္ပံနည်းကျတဲ့ စနစ်တစ်ခုအဖြစ်သတ်မှတ်လို့မရနိုင်ခြင်း ဖြစ်ပါတယ်။
၂ ။ သိပ္ပံအထောက်အထားများမရှိခြင်း
MBTI ဟာ Carl Jung ရဲ့ စိတ်ပညာအယူအဆများကို အခြေခံထားပေမယ့် ထိုအယူအဆများကို သိပ္ပံနည်းဖြင့် စမ်းသပ်သုံးသပ်မှု မပြုလုပ်ထားကြောင်းကိုလည်း ပညာရှင်များကပြောကြတာတွေရှိပါတယ်။ ယနေ့ လူသိများသော Big Five personality Model ကဲ့သို့သော စိတ်ဖော်ပြချက်စနစ်များကတော့ သိပ္ပံအချက်အလက်တွေနဲ့အတူ သုတေသနစမ်းသပ်မှုတွေပြုလုပ်ထားတာကြောင့် ပိုမိုတိကျသေချာမှုရှိတယ်လို့ဖော်ပြထားပါတယ်။
၃။ အမျိုးအစားခွဲခြားမှုပြဿနာ [ Categorization ]
MBTI စနစ်အရ လူ့စိတ်လက္ခဏာကို [ 16 ] မျိုးအဖြစ် ခွဲခြားထားပေမယ့် ပုံမှန်သိပ္ပံပညာအရ “ စိတ်ပိုင်းဆိုင်ရာဖော်ပြချက်တွေက တစ်မျိုးတည်းမဟုတ်ပဲ ဆက်တိုက်တည်ရှိနေတဲ့အတိုင်းအတာတစ်ခုအဖြစ် ရှိနေပါတယ်။” ဆိုတဲ့ သဘောတရားနဲ့ ကိုက်ညီမှုမရှိပါဘူး။ သုတေသနအရ လူအများစုက တစ်ဖက်သ-တ် [ ဥပမာ ~ Extraversion – Introversion ] ပေါ်မှာ ပြိုင်ဆိုင်နေတာ မဟုတ်ဘဲ အလယ်ဘက်တွင်သာနေကြတာများပါတယ်။
ဥပမာအားဖြင့်ပြောပြရမယ်ဆိုရင် လူတစ်ဦးဟာ 50% Extravert ၊ 50% Introvert ဖြစ်နိုင်ပေမယ့် MBTI စနစ်အရတော့ တဖက်သတ်အနေနဲ့ ဒီလူက Introvert ပဲ ဆိုပြီး သတ်မှတ်သွားတတ်ပါတယ်။ Big Five Personality Model [ ထူးခြားစွာလက်ခံထားသော စိတ်ဖော်ပြချက်စနစ် ] ကတော့ စိတ်ဖော်ပြချက်တိုင်းကို ဆက်တိုက်ရှိနေသောအတိုင်းအတာ [ Continuous Dimension ] အဖြစ် တိုင်းတာလို့ရပါတယ်။ ဥပမာ ~ Extraversion က [ 0 ~ 100 ] အထိ ဆက်တိုက်ဖြစ်နိုင်တယ်လို့ယူဆလို့ရနိုင်ပါတယ်။
၄။ ကြိုတင်ခန့်မှန်းနိုင်မှု နည်းပါးခြင်း [ Low Predictive Validity ]
MBTI ကိုသုံးပြီး လူတစ်ဦးရဲ့အလုပ်မှာ အောင်မြင်မှု၊ အဖွဲ့အစည်းထဲမှာ ကောင်းမွန်အောင်လုပ်ဆောင်နိုင်မှု၊ အပြုအမူတို့ကို ကြိုတင်ခန့်မှန်းဖို့ လုပ်တဲ့အခါတွေမှာဆိုရင်တော့ ထင်ထားသလောက် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ အဓိကအကြောင်းတွေက MBTI ရလဒ်များသည် စစ်ဆေးသူရဲ့သဘောထားကိုသာ တုံ့ပြန်ခြင်းဖြစ်သည်။
အခြား စိတ်ဖော်ပြချက်စနစ်များ [ ဥပမာ ~ Big Five ] နှင့် ယှဉ်မယ်ဆိုရင် MBTI ရဲ့ ခန့်မှန်းနိုင်မှု [ Predictive Power ] ကတော့ သာမန်အခြေအနေမှာပဲ ရှိနေပါတယ်။ ဒါကြောင့် သုတေသနအများစုမှာ MBTI ကို သီးသန့်အသုံးပြုသော်လည်း ပေါင်းစပ်အသုံးပြုမှု [ Cross-Validation ] နည်းပါးတဲ့အပြင် အခြားစနစ်တွေနဲ့ မျှတစွာ ယှဉ်ပြထားတဲ့သက်သေတွေမရှိတာကြောင့် သိပ္ပံနည်းကျတဲ့စနစ်တစ်ခုအဖြစ် သတ်မှတ်ဖို့အတွက် ခက်ခဲတဲ့အခြေအနေတွေရှိနေပါတယ်။
MBTI က လူအများကြားမှာ အသုံးများပြီး ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ သုံးရတဲ့အခါမှာ စိတ်ဝင်စားဖို့ကောင်းနိုင်သော်လည်း သိပ္ပံနည်းကျတဲ့ စိတ်ဖော်ပြချက်တိုင်းတာစနစ် တစ်ခုအဖြစ် အသုံးပြုရန် မသင့်လျော်တာကြောင့် Big Five ကဲ့သို့သော သိပ္ပံအထောက်အထားနှင့် အတည်ပြုမှုများပါဝင်တဲ့ စနစ်များကို ဦးစားပေးရွေးချယ်သင့်ပါတယ်။
[ Conclusion ]
MBTI က စိတ်သဘောထားဖော်ပြချက်တစ်ခုပဲဖြစ်တာကြောင့် “ငါက ဒီ Type ဆိုတော့ ဒီလိုပဲဖြစ်နေတယ်” ဆိုပြီး အတွေးတွေအရမ်းများမနေဘဲ ကိုယ့်ကိုယ်ကိုပိုနားလည်ဖို့၊ စဉ်းစားမှုအသစ်တွေနဲ့ တိုးတက်လာဖို့အတွက်ပဲ MBTI ကို စမ်းသပ်ကြည့်ကြပါ။
အဲ့ဒီအပြင် သိပ္ပံနည်းကျတဲ့ စနစ်တွေနဲ့လည်း ရှာဖွေကြည့်ဖို့ မမေ့ကြနဲ့နော်။ နောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကို သိချင်တယ်ဆိုရင် Hype Think Education ကို Follow လုပ်ထားကြဖို့ အမှာစကားပါးချင်ပါတယ်။
Content Writer Saw Yu Nwe
Graphic