Mind Mapping: The Ultimate Tool For Brainstorming

Mind Mappipng ဆိုတာကတော့ စိတ်ထဲမှာရှိတဲ့ အတွေးတွေ၊ အစိတ်အပိုင်းတွေကို သေချာစီစဉ်ပုံဖော်ပေးတာကြောင့် အနာဂတ်မျှော်မှန်းချက်တွေကို လမ်းညွှန်ပေးနိုင်သော လမ်းပြမြေပုံတစ်ခုလို ဖြစ်စေပါတယ်။

Share your love : ❤️

“ရှုပ်ထွေးနေတဲ့ ဝင်္ကပါထဲကနေ လွတ်မြောက်နိုင်မယ့် လမ်းပြမြေပုံတစ်ခု”

ယနေ့ခေတ်မှာ လူငယ်တိုင်းက အလုပ်၊ ကျောင်း၊ အနာဂတ်ဘဝရည်မှန်းချက်တွေကြားမှာ စိတ်ရှုပ်စရာ၊ စိတ်ပင်ပန်းစရာတပွေ့တပိုက်နဲ့ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ တစ်ခါတလေ စိတ်ထဲမှာ တောင်စဉ်ရေမရအတွေးတွေနဲ့ ရှုပ်ထွေးသွားတာမျိုးက ဝင်္ကပါထဲမှာ သံသယနဲ့ လမ်းမသိဘဲ လွတ်မြောက်အောင်သွားနေရတဲ့ ခံစားချက်လိုပဲဖြစ်ပါတယ်။ ဒီလိုမျိုးရှုပ်ထွေးနေတဲ့ဝင်္ကပါကနေ လွတ်မြောက်နိုင်မယ့် အထောက်အကူပြုနည်းလမ်းတစ်ခုကတော့ Mind Mapping [စိတ်မြေပုံ] ပဲ ဖြစ်ပါတယ်။

Mind Mappipng ဆိုတာကတော့ စိတ်ထဲမှာရှိတဲ့ အတွေးတွေ၊ အစိတ်အပိုင်းတွေကို သေချာစီစဉ်ပုံဖော်ပေးတာကြောင့် အနာဂတ်မျှော်မှန်းချက်တွေကို လမ်းညွှန်ပေးနိုင်သော လမ်းပြမြေပုံတစ်ခုလို ဖြစ်စေပါတယ်။

Mind Mapping ဆိုတာဘာလဲ?

Mind Mapping ဆိုတာ စိတ်ထဲကအတွေးတွေကို မြင်သာအောင်ရေးဆွဲတဲ့ Brainstorming [အတွေးအမြင်များဖလှယ်ခြင်း] နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အဓိကအကြောင်းအရာကို ဗဟိုမှာထားပြီး ဆက်စပ်တဲ့အကြောင်းအရာတွေကို ချဲ့ထွင်စဉ်းစားကာ မြေပုံတစ်ခုအဖြစ် ဖန်တီးရေးဆွဲတာဖြစ်ပါတယ်။

ဒါ့ကြောင့် စိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို စနစ်တကျစီစဉ်နိုင်သလို အသစ်သစ်သော အကြံဉာဏ်တွေလည်း ဖန်တီးနိုင်ပါတယ်။ လူငယ်တွေအနေနဲ့ မိမိစိတ်ထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေကို Mind Mapping နည်းလမ်းနဲ့ ဖြေရှင်းနိုင်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ပိုမိုရှင်းလင်းစွာ မြင်တွေ့လာနိုင်တာကြောင့် အနာဂတ်ဘဝအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတွေကို ရွေးချယ်သွားနိုင်မှာဖြစ်ပါတယ်။

Hype Think Education ကနေ လူငယ်တွေကို Mind Mapping ကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ အသုံးချနိုင်လည်းဆိုတာကို တစ်ပုံချင်းစီပြောပြပေးသွားမှာလို့ အသေးစိတ်ဖတ်ရှုကြည့်ကြနော်။

Mind Mapping က ဘယ်ကနေစတင်ခဲ့တာလဲ?

AD [3] ရာစု မှာ Porphyry of Tyros ဆိုတဲ့သိပ္ပံပညာရှင်က သူ့ဆရာ Plotinus ရဲ့ စိတ်ပညာရေးအတွေးအခေါ်တွေကို စနစ်တကျ ချိတ်ဆက်ပြီး “Tree of Knowledge” ပုံစံကို အသုံးပြုခဲ့ပါတယ်။

ထိုနောက် Leonardo da Vinci ကလည်း သူ့ရဲ့ သိပ္ပံ၊ အနုပညာနဲ့ စမ်းသပ်မှုတွေကို Visual Thinking နည်းလမ်းနဲ့ ဖော်ပြခဲ့ပြီး Mind Map ပုံစံနဲ့ဆင်တူတဲ့ အတွေးဖော်ပြမှုတွေကို အသုံးပြုခဲ့ပါတယ်။ ဒါတွေက Mind Mapping ရဲ့အစပြုခြင်းအဖြစ် သမိုင်းနောက်ခံမှာ သက်သေအထောက်အထားတွေပဲဖြစ်ပါတယ်။

ဒီ Visual Thinking တွေကို ပိုပြီး စနစ်တကျဖော်ပြနိုင်အောင် လုပ်ဆောင်ခဲ့သူကတော့ Tony Buzan ဖြစ်ပြီး [1970]s တွင် “Mind Map” ဆိုတဲ့ အသုံးအနှုန်းနဲ့ နည်းစနစ်ကို တစ်ဦးတည်းအတွေးစဉ်ထုတ်ဖော်မှု [Individual Idea Generation] အတွက် တင်ပြခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ Brainstorming ဆိုတဲ့ ပုံစံကိုလည်း လူမှုအဖွဲ့အစည်းတစ်ခုလုံးအပေါ်မှာ မူတည်ပြီး စဉ်းစားတဲ့နည်းလမ်းကို အသုံးပြုလာခဲ့ပါတယ်။ အထူးသဖြင့် [1940]s မှာ Alex Osborn ဆိုတဲ့ Advertising Executive က ဖန်တီးခဲ့တဲ့ Brainstorming နည်းကတော့ မတူညီတဲ့အတွေးတွေပေါင်းစည်းခြင်းနဲ့ တီထွင်မှုတိုးတက်ရေးအတွက် အထူးအသုံးဝင်ခဲ့ပါတယ်။

ဒါ့ကြောင့် Mind Mapping ဟာဆိုရင် Brainstorming လုပ်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ Idea တွေကို စနစ်တကျဖော်ပြနိုင်ဖို့အတွက် အကောင်းဆုံး Visual Tool တစ်ခုအဖြစ် အသုံးဝင်လာခဲ့တာပဲဖြစ်ပါတယ်။ 

Mind Mapping ကို ဘယ်လိုစတင်ရမလဲ?

အဓိကအကြောင်းအရာနဲ့ စတင်ပါ။

လွတ်နေတဲ့စာရွက်ရဲ့ အလယ်ဗဟိုမှာ မိမိ Mind Map ရဲ့ အဓိကအကြောင်းအရာ [သို့မဟုတ်] အဓိကအမြင်ကို ကိုယ်စားပြုသော အရောင်စုံရုပ်ပုံတစ်ပုံကို ရေးဆွဲပါ။ စိတ်ဝင်စားမှုကိုဖမ်းစားနိုင်ပြီး အတွေးများကို ဆွဲဆောင်ပေးနိုင်ရန် အနည်းဆုံး အရောင် [3] မျိုးအသုံးပြုရန် ကြိုးစားပါ။ ဥပမာပြောပြရမယ်ဆိုရင် မိမိအနာဂတ်အလုပ်အကိုင်အတွက် Mind Map တစ်ခုရေးတဲ့အခါ မိမိစိတ်ကူးယဉ်ထားတဲ့ အလုပ်အကိုင်၊ အလုပ်နေရာတစ်ခုကို ကိုယ်စားပြုတဲ့ ပုံတစ်ပုံ အရင်ရေးဆွဲပါ။ 

အဓိကအကြောင်းအရာများကို ချိတ်ဆက်ပါ။

ရေးဆွဲထားတဲ့ အလယ်ဗဟိုမှစပြီးတော့ ဖြာထွက်နေတဲ့ အကိုင်းအခက်များကိုရေးဆွဲလိုက်ပါ။  ဒီလိုဆွဲထားတဲ့အကိုင်းအခက်တွေကို Main Branches လို့ခေါ်ကြပါတယ်။ မိမိရဲ့ Theme နဲ့ဆိုင်တဲ့ အဓိကအကြောင်းအရာ [သို့မဟုတ်] အကြံဉာဏ်တွေအတွက် Branch တစ်ခုချင်းစီမှာ သတ်မှတ်ပေးပြီး တစ်ခုနဲ့တစ်ခုကို သေသေသပ်သပ်ဖြစ်အောင် အရောင်ကွဲလေးတွေသုံးပြီး ခြယ်လိုက်ပါ။ 

ချိတ်ဆက်ရေးဆွဲထားတဲ့ အကိုင်းအခက်တွေပေါ်မှာ အဓိကသော့ချက်စကားလုံးတွေကိုဖော်ပြပါ။

Main Branch တစ်ခုချင်းစီပေါ်မှာ နားလည်ရလွယ်စေမယ့် စကားလုံးလေးတွေ [Key Words] ထည့်ရေးပါ။ ဥပမာရေးပြရမယ်ဆိုရင် မိမိရဲ့ အလုပ်အကိုင်တိုးတက်မှုနဲ့ဆိုင်တဲ့ Mind Map တွင် Branch တစ်ခုချင်းစီတိုင်းကို ကိုယ်ပိုင်သော့ချက်ဖြစ်နိုင်မယ့်စကားလုံးတွေကို ကိုယ်ရေးဆွဲထားတဲ့အကိုင်းအရှည်နဲ့ တူအောင် စကားလုံးအရှည်လေးကို တွဲဖက်ရေးဖို့လိုပါတယ်။ အကိုင်းရဲ့အရှည်မှာ ဗလာဖြစ်နေမယ်ဆိုရင် စကားလုံးချိတ်ဆက်မှု ပျက်သွားနိုင်တာကြောင့် စကားလုံးကို သေသေသပ်သပ် တစ်ချက်တည်းနဲ့ နားလည်လွယ်အောင်ရေးနိုင်ဖို့ အရေးကြီးပါတယ်။

Main Branches နဲ့ သူရဲ့ဖြာထွက်နေတဲ့အခက်အလက်များမှ စကားလုံးတွေကို ချိတ်ဆက်ပါ။ 

Main Branches ရဲ့ အဆုံးမှာတော့ ပိုသေးတဲ့ အခက်အလက် [Sub-Topics] တွေကို ရေးဆွဲပြီး သက်ဆိုင်တဲ့အကြောင်းအရာတွေကို ရေးဖို့လိုပါတယ်။ နောက်ထပ်သေးငယ်တဲ့ အခက်အလက်တွေကို ဆက်လက်ရေးဆွဲသွားနိုင်တဲ့အပြင် အသေးစိတ်ကျတဲ့ အကြောင်းအရာတွေကိုလည်း ထပ်မံဖြည့်စွက်ရေးနိုင်ပါတယ်။ ဥပမာအနေနဲ့ 𖣂 Main Branch တစ်ခုမှာ Skills ဆိုတာ ရေးထားမယ်ဆိုရင် အဲ့ဒီစာလုံးကို Sub-Branches အဖြစ်အနေနဲ့ Individual [တစ်ဦးချင်းကျွမ်းကျင်မှု] ဆိုတဲ့အချက်အလက်တစ်ခုအဖြစ် ထွက်ပေါ်လာပါတယ်။

Individual လို့ရေးထားတဲ့ Sub-Branch ထဲကနေ ထပ်ပြီးရေးဆွဲနိုင်တာကတော့ Third-Level Branches [အဆင့်သုံးအခက်အလက်] တွေပဲဖြစ်ပါတယ်။  Third-Level Branches ကနေ ထပ်မံရေးနိုင်တဲ့စကားလုံးတွေကတော့ Technical [နည်းပညာဆိုင်ရာကျွမ်းကျင်မှု]၊ Motivation [စိတ်အားထက်သန်မှု]၊ Social [လူမှုဆက်ဆံရေးကျွမ်းကျင်မှု] စတဲ့အရာတွေဖြစ်လာနိုင်ပါတယ်။

ပုံများ၊ သင်္ကေတများနဲ့ အရောင်တွေကို ဖြစ်နိုင်သလောက် အသုံးပြုပါ။

Mind Map တစ်ခုလုံးကို ရေးဆွဲတဲ့အခါမှာတော့ တတ်နိုင်သလောက် မူလစာလုံးတွေကို အသုံးမပြုဘဲ ပုံတွေနဲ့ အစားထိုးပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါက သက်ဆိုင်တဲ့အကြောင်းအရာကို ပိုပြီးမြင်သာစွာ ဖော်ပြနိုင်ပြီး ကိုယ့်စိတ်တွင် အထင်ကရအချက်တစ်ခုအဖြစ် တိုက်ရိုက်မှတ်သားစေနိုင်မှာမို့လို့ဖြစ်ပါတယ်။  

ကိုယ့် Mind Map ထဲက အကြောင်းအရာတွေရဲ့ ဆက်နွယ်မှုတွေကို ပြသပါ။

Mind Map တစ်ခုအတွင်းမှာ ကိုယ်စဉ်းစားထားတဲ့အကြောင်းအရာအားလုံးကို ပြသပြီးသွားရင်တော့  မတူညီတဲ့အပိုင်းတွေအကြားမှာရှိနေတဲ့ ပုံစံနဲ့ ဆက်နွယ်ချက်တွေကို ပိုမိုအလွယ်တကူ သတိပြုမိလာနိုင်ပါတယ်။ ဒါကြောင့် Relationship arrows [ဆက်နွယ်မှုပြမြှား] ကို အသုံးပြုပြီး ပထမတစ်ခုနဲ့ ဒုတိယတစ်ခုကြား ဆက်စပ်နေတဲ့အကြောင်းအရာတွေကို တိတိကျကျ ဖော်ပြပေးနိုင်ပါတယ်။ မြှားတွေက မျက်စိကို အလိုအလျောက် ဦးတည်စေပြီး  ကိုယ်စဉ်းစားနေတဲ့အရာတွေကို တည်နေရာအလိုက် စနစ်တကျ စဉ်းစားနိုင်ဖို့ လမ်းညွှန်ပေးပါတယ်။

အရေးကြီးတဲ့အကြောင်းအရာတွေကို ထင်ရှားတဲ့အမှတ်အသားပြုလုပ်ပါ။ 

အရေးကြီးနိုင်မယ့် အကြောင်းအရာတချို့ကို တခြားအကြောင်းအရာတွေနဲ့ မတူအောင် ပြထားဖို့အတွက် မိုးတိမ်ပုံ၊ စတုရန်းပုံတွေကို အသုံးပြုခြင်း၊ အနောက်ခံအရောင်ကို ခွဲခြားထားခြင်းက ထူးခြားစွာ မြင်သာအောင် ပြသနိုင်ပါတယ်။ သိဖို့လိုတာတစ်ခုကတော့ လူတစ်ယောက်ရဲ့ အတိုကောက်မှတ်ဉာဏ် [Short-Term Memory] က များသောအားဖြင့် [7] ချက်လောက်ပဲ သိမ်းဆည်းနိုင်တာကြောင့် သက်ဆိုင်တဲ့အကြောင်းအရာတွေကို Chunk [ အုပ်စုခြားခြင်း] လုပ်ပေးမယ်ဆိုရင်တော့ Storage Space ကို ပိုပြီး ထိရောက်စွာ အသုံးပြုနိုင်စေပါတယ်။

[ Conclusion ]

Mind Mapping နည်းလမ်းကို လက်တွေ့အသုံးချကြည့်မယ်ဆိုရင် ကိုယ့်ရဲ့စိတ်ရှုပ်ထွေးမှုတွေကို လွယ်ကူစွာ ဖြေရှင်းနိုင်ပြီး ကိုယ့်ရဲ့ အတွေးတွေနဲ့ အနာဂတ်ရည်မှန်းချက်တွေကို ထိထိရောက်ရောက် ရှင်းလင်းလာစေမှာပဲဖြစ်ပါတယ်။ လူငယ်တိုင်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အကျိုးရှိစေမယ့် အကြောင်းအရာအသစ်တွေကို မျှဝေပေးသွားမှာမို့  Hype Think Education ကို Follow လုပ်ထားကြဖို့ မမေ့ကြနဲ့နော်။

Content Writer Saw Yu Nwe

Graphic

Share your love : ❤️