Minimalist Living Lifestyle Tips

တန်ဖိုးမရှိတဲ့အရာတွေမှာ အချိန်ကုန်နေတာ၊ မလိုအပ်တဲ့ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ကပြည့်နှက်နေတာ၊ကိုယ့်စိတ်အေးချမ်းမှုကို ပျောက်ဆုံးသွားတာတွေအတွက် “Minimalist Living" ဆိုတဲ့ ရိုးရှင်းသောဘဝနေထိုင်မှုစနစ်ဟာ ဖြေရှင်းချက်တစ်ခုဖြစ်လာပါတယ်။

Share your love : ❤️

“မနက်ဖြန်ကစ ပိုမိုရိုးရှင်းပြီးစိတ်အေးချမ်းတဲ့ဘဝနဲ့ နေထိုင်လိုက်ပါ။”

[21] ရာစုမှာ လူအများစုဟာ နေ့စဉ်မလိုအပ်တဲ့အရာတွေ၊စိတ်ဖိစီးစေတဲ့ သတင်းအချက်အလက်တွေ၊များပြားလွန်းတဲ့ရွေးချယ်စရာတွေကြောင့် စိတ်ပင်ပန်းပြီးဖိအားများစွာကိုခံစားလာရကြပါတယ်။

ဒါ့အပြင် တန်ဖိုးမရှိတဲ့အရာတွေမှာ အချိန်ကုန်နေတာ၊ မလိုအပ်တဲ့ပစ္စည်းတွေနဲ့ ပတ်ဝန်းကျင်ကပြည့်နှက်နေတာ၊ကိုယ့်စိတ်အေးချမ်းမှုကို ပျောက်ဆုံးသွားတာတွေအတွက် “Minimalist Living” ဆိုတဲ့ ရိုးရှင်းသောဘဝနေထိုင်မှုစနစ်ဟာ ဖြေရှင်းချက်တစ်ခုဖြစ်လာပါတယ်။

Minimalism [ အနည်းဆုံးဝါဒ ] ဆိုတာ ဘာလဲ? 

Minimalismကို လိုရင်းတိုရှင်းပြောရမယ်ဆိုရင် ရိုးရှင်းမှုနဲ့ မလိုအပ်သောအရာများကိုလျှော့ချခြင်းကို အခြေခံထားတဲ့ အတွေးအခေါ်ဝါဒတစ်ခုဖြစ်ပြီး [20] ရာစုအစောပိုင်းတွင် အနုပညာနယ်ပယ်ကနေ စတင်ပေါ်ပေါက်လာတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းတွင် နေထိုင်မှု၊ ဖက်ရှင်၊ အတွင်းပိုင်းဒီဇိုင်းဆိုင်ရာနှင့် နည်းပညာနယ်ပယ်အထိ သက်ရောက်မှုရှိလာခဲ့ပါတယ်။

ဘာကြောင့် Minimalism ကို ကျင့်သုံးသင့်သလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုရင်

  • ဘတ်ဂျက်ကို တိတိကျကျ စီမံခန့်ခွဲနိုင်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အနာဂတ်အတွက် ငွေစုခြင်းတွေကို အာရုံစိုက်နိုင်လာမယ်။
  • မလိုအပ်တဲ့ပစ္စည်းတွေကိုဖယ်ရှားပြီး ကိုယ့်အတွက် အရေးကြီးတဲ့ပစ္စည်းတွေကို ထိန်းသိမ်းဖို့ အချိန်ရှိလာမယ်။
  • လူမှုကွန်ယက်များအလွန်အကျွံသုံးစွဲမှု၊ ဖုန်းအသုံးပြုမှုများကို ရှောင်ကြဉ်ပြီး တန်ဖိုးရှိတဲ့အချိန်တွေကို မိသားစု၊ သူငယ်ချင်းတွေနဲ့ပဲ ကုန်ဆုံးတတ်လာမယ်။
  • ပြန်သုံးလို့ရတဲ့ပစ္စည်းတွေကိုသာဝယ်ယူပြီး၊ စွန့်ပစ်မှုနည်းတဲ့ တာဝန်ရှိတဲ့ဘဝကို စဉ်းစားတတ်လာမယ်။
  • နေ့စဉ်လုပ်ငန်းတွေကို အစီအစဉ်တကျပြုလုပ်တတ်ပြီး အလုပ်ပင်ပန်းခြင်းကနေ တဖြည်းဖြည်း စိတ်ငြိမ်သက်လာမယ် စတဲ့ စိတ်အေးချမ်းပြီးရိုးရှင်းလွတ်လပ်မှုကို ရရှိနိုင်ဖို့ Minimalist Living ဆိုတဲ့ ရိုးရှင်းသောဘဝနေထိုင်မှုအကြောင်းကို ဆက်လက်ရှင်းပြပါမယ်။

Minimalist Living ဆိုတာကတော့ Minimalism ကို နေ့စဉ်ဘဝထဲမှာ လက်တွေ့ကျကျကျင့်သုံးခြင်း ဖြစ်ပါတယ်။ တကယ်လိုအပ်နေတဲ့အရာတွေနဲ့ပဲ ဘဝတစ်ခုကို ဖန်တီးတာ ရိုးရှင်းမှုကို ရွေးချယ်ဖို့ စဉ်းစားပြီး ဆုံးဖြတ်ချက်တွေအတွက် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီလိုမျိုး Minimalism ကို ဘာကြောင့်ကျင့်သုံးသင့်လဲ၊ ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ သိရှိပြီးပြီဖြစ်တာကြောင့် Hype Think Education ကနေ Minimalism အရ ရိုးရှင်းသောဘဝနေထိုင်မှုကို ဘယ်လိုစတင်လုပ်ဆောင်ရမလဲဆိုတာ တစ်ချက်ချင်းစီ ရှင်းရှင်းလင်းလင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။

မလိုအပ်တဲ့ပစ္စည်း [ 10 ] မျိုးကို ဖယ်ရှားပါ

Minimalist လုပ်ဖို့စတင်တော့မယ်ဆိုရင် အရင်ဆုံး လေကောင်းလေသန့်ရနိုင်တဲ့ နေရာလေးတစ်ခုကို ကိုယ့်အိမ်မှာ ဖန်တီးဖို့လိုပါတယ်။ ဒါက ပစ္စည်းရှင်းလင်းခြင်း [ Decluttering ] ဆိုတဲ့အရာကို အဓိကထားပြီးစလုပ်ဖို့ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆင့်သေးသေးနဲ့ စကြရအောင်။ အခန်းတစ်ခန်းချင်းစီထဲက မလိုအပ်တဲ့ ပစ္စည်း[10]မျိုးကို ဖယ်ရှားလိုက်ပါ။ အစမှာတော့ “ မဖြစ်နိုင်ဘူး” လို့ထင်နိုင်ပေမဲ့ တကယ်စလုပ်လိုက်တာနဲ့ မသုံးတော့တဲ့ပစ္စည်းတွေ များနေတတ်တာကို သတိထားမိလာမှာပါ။

Budget [အသုံးစရိတ်] လျှော့ချပါ။

ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် [ 3 ] ကြိမ် သေချာစဉ်းစားပါ။

  • “ငါ့မှာရှိပြီးသားလား?”
  • “တကယ်လိုအပ်လား?”
  • “တခြားနည်းနဲ့ ဖြေရှင်းလို့မရဘူးလား?”လိုမျိုး ပြန်တွေးပါ။

ဒါဆိုရင် ဘယ်ပစ္စည်းက ကိုယ့်အတွက်တကယ်လိုအပ်တာလား၊ကိုယ်က လိုချင်တာလားဆိုတာကို သေချာခွဲနိုင်လာပြီး ကိုယ့်အသုံးစရိတ်ကို တဖြည်းဖြည်းလျှော့ချလာနိုင်မှာပါ။

အရည်အသွေးကောင်းတဲ့ပစ္စည်းများကို ပိုမိုဝယ်ယူအသုံးပြုပါ။

မလိုအပ်တဲ့ပစ္စည်းတွေကို မဝယ်ဘဲ လျှော့ချခြင်းက Minimalist ရဲ့ အရေးကြီးသောအပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ငွေသုံးစွဲခြင်းကို ရပ်ဆိုင်းရမယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး၊ Minimalist ဖြစ်တယ်ဆိုတာက ငွေသုံးစွဲမှုအပေါ် ရည်ရွယ်ချက်ရှိရှိ သတိရှိရှိဖြင့် ဆုံးဖြတ်တတ်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဒါကို လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ တစ်ခုခုဝယ်မယ်ဆိုရင် အရည်အသွေးကောင်းပြီး ခိုင်ခိုင်ခံ့ခံ့ ပြုလုပ်ထားတဲ့ပစ္စည်းတွေကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ တစ်ခါတရံမှာ ဒီလိုပစ္စည်းတွေက နည်းနည်းပိုဈေးကြီးပါတယ်။  ဒါပေမဲ့ ပမာဏထက် အရည်အသွေးကို ဦးစားပေးခြင်းက ရေရှည်အတွက်  ငွေစုဖို့ အထောက်အကူဖြစ်စေပါတယ်။ အကြောင်းအရင်းကတော့ အဲ့ဒီပစ္စည်းတွေက ပိုခံပြီး၊ ပိုကြာမြင့်စွာ အသုံးခံနိုင်မှာဖြစ်လို့ပါ။

ဖုန်း နဲ့ လူမှုကွန်ယက် အသုံးပြုတဲ့အချိန်ကို လျှော့ချကန့်သတ်ပါ။

ယနေ့ခေတ်မှာ လူတွေဟာ Screen ရှေ့မှာပဲ အချိန်ကြာကြာဖြုန်းနေကြတာမျိုးတွေ ဖြစ်နေပါတယ်။ တစ်ချို့က အလုပ်ကြောင့်ဖြစ်ပေမဲ့  ညအိပ်ခါနီးမှာ Facebook ကို ကြည့်နေတဲ့အချိန်တွေလို အရေးမကြီးတဲ့အချိန်တွေကို လျှော့ချဖို့လိုအပ်ပါတယ်။ ဖုန်းကြည့်တာများခြင်းက အိပ်ရေးပျက်ခြင်းလို အခက်အခဲတွေဖြစ်စေနိုင်ပါတယ်။ Focus App တစ်ခုခု ထည့်သွင်းအသုံးပြုခြင်း၊ ဖုန်းမှာ Quiet Mode ကိုပြုလုပ်ထားခြင်း ၊ Push Notifications ကို ပိတ်ထားခြင်းတို့က Screen ကြည့်ချိန်ကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။ ဖုန်းထဲမှာ ကိုယ့်အတွက်အကျိုးမရှိတဲ့အရာတွေကို ဖယ်ရှားခြင်းက အိပ်ချိန်ကို ပြန်လည်ဆွဲညှိပေးနိုင်တဲ့အပြင် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကြားက အချိန်ကိုခွဲခြားစေနိုင်ပါတယ်။ ဒါက စိတ်အေးချမ်းမှုကိုရစေနိုင်သလို ကိုယ့်အတွက် တကယ်တန်ဖိုးရှိတဲ့ လှုပ်ရှားမှုတွေနဲ့ပဲ  အချိန်ကုန်စေနိုင်မှာပါ။

ကိုယ့်ရဲ့တိုးတက်မှုကို မှတ်တမ်းတင်ပါ။

Minimalist လုပ်နေတဲ့ခရီးစဉ်မှာ ကိုယ့်ခံစားချက်တွေ၊ လေ့လာခဲ့တဲ့အကျင့်တွေနဲ့ အတွေ့အကြုံတွေကို မှတ်စုတင်ခြင်း [Journaling] က စိတ်သက်သာစေတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့အပြင် စိတ်အားတက်ကြွစေတဲ့လမ်းကြောင်းတစ်ခုဆိုလည်း  မမှားပါဘူး။ မှတ်တမ်းတင်ခြင်းက ကိုယ့်ကိုယ်ကို ဆက်လက်အားတက်ဖို့ အားဖြည့်ပေးပါတယ်။ ပြောင်းလဲဖို့လိုအပ်တဲ့ အကျင့်တွေအပေါ်  ပြန်လည်သုံးသပ်စေနိုင်ပြီး ရှင်းလင်းသပ်ရပ်နေတဲ့ပတ်ဝန်းကျင်က ကိုယ့်ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုရှိနေသလဲဆိုတာ ရှင်းပြနိုင်ပါတယ်။ အဲ့ဒီလို ကိုယ်တိုင်အတွေးအခေါ်များကိုပြန်လည်စဉ်းစားခြင်း [Self-Reflection] က ကိုယ်တိုင် ပြောင်းလဲတိုးတက်လာပုံကိုမြင်ရစေသလို ပြည့်စုံမှုနဲ့ ဂုဏ်ယူစရာခံစားချက်တွေဖြစ်လာစေပါလိမ့်မယ်။

စိတ်အေးချမ်းမှုကို ရှာဖွေပါ။

လူတိုင်းမှာ အခါအားလျော်စွာ အဆိုးဘက်ရောက်တဲ့တွေးခေါ်မှုတွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီလိုအတွေးအခေါ်တွေကို မကြာခဏကြုံလာရရင်၊ စိတ်ဖိစီးမှုများလာနိုင်ပြီး၊ ကိုယ့်ဘဝအပေါ် မကျေနပ်တဲ့ခံစားချက်တွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အဆိုးဘက်ရောက်တဲ့တွေးခေါ်မှုတွေကို အနည်းငယ်စီဖြစ်ဖြစ် လျော့ချဖို့ လုပ်ဆောင်သင့်ပါတယ်။ အပြောင်းအလဲလေးတွေနဲ့ စတင်ပြီး၊ ကောင်းမွန်တဲ့အတွေးအခေါ်တွေကို အစားထိုးဖို့ ကြိုးစားသင့်ပါတယ်။ သိသင့်တာတစ်ခုကတော့ စိတ်တွင်းအခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် လေ့ကျင့်မှုနဲ့စဉ်ဆက်မပြတ် ကြိုးစားမှုက အရေးကြီးပါတယ်။

ဥပမာ ~ ယောဂ [ Yoga ] ၊ တရားထိုင်ခြင်း [ Meditation ] ၊ အသက်ရှုလေ့ကျင့်ခန်း [ Deep Breathing Exercises ] ဒီလို လေ့ကျင့်မှုတွေက ကိုယ့်စိတ်ကို ပြန်ညှိပေးပြီး ၊ Minimalist Living အတွက် စိတ်အေးချမ်းငြိမ်သက်ခြင်း [ Calmness ] ကို ပြန်ရစေပါတယ်။

[Conclusion]

အခု Minimalist Living မှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး [6] ချက်ကို ပြောပြသွားတာဖြစ်ပါတယ်။ ဒီအချက်တွေကိုသာ သေချာလိုက်နာပြီး ကျင့်သုံးမယ်ဆိုရင် ကိုယ့်ရဲ့မနက်ဖြန်တိုင်းဟာ ရိုးရှင်းပြီး အေးချမ်းနေမှာ အသေအချာပါပဲ။

နောက်ထပ်လည်း Hype Think Education ကနေ လူငယ်တွေအတွက် အခွင့်အလမ်းကောင်းတွေ၊ ဘာသာစကားသင်ယူနိုင်မဲ့နည်းလမ်းတွေ၊ စိတ်ဝင်စားဖို့ကောင်းပြီး အကျိုးရှိစေမဲ့ဗဟုသုတတွေကို မျှဝေပေးသွားမှာမို့လို့ Follow လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်။

Content Writer Saw Yu Nwe

Graphic

Share your love : ❤️