Productive ဖြစ်ပြီး အောင်မြင်တဲ့နေ့တစ်နေ့ရဲ့ လျှို့ဝှက်ချက်
လူတိုင်းဟာ အလုပ်တွေအများကြီးကို ပြီးမြောက်ချင်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာတော့ စိတ်ကူးထားသလောက် အလုပ်မဖြစ်ဘဲ တစ်နေ့တာ ကုန်ဆုံးသွားတာမျိုး ကြုံဖူးမှာပါ။ အလုပ်ပြီးမြောက်ပြီး Productive ဖြစ်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့အတွက် အဓိကသော့ချက်ကတော့ မှန်ကန်တဲ့ မနက်ခင်းအလေ့အကျင့်တွေကို တည်ဆောက်ဖို့ပါပဲ။ ဒီအလေ့အကျင့်တွေက တစ်နေ့တာလုံးအတွက် အားအင်တွေ၊ အာရုံစူးစိုက်မှုတွေနဲ့ စိတ်ဓာတ်ခွန်အားတွေကို ရရှိစေနိုင်ပါတယ်။
၁။ အာဟာရပြည့်ဝတဲ့ မနက်စာ
လူ့ခန္ဓာကိုယ်ဟာ ကားတစ်စီးနဲ့ ဆင်တူပါတယ်။ လောင်စာဆီကောင်းကောင်း ထည့်ပေးမှ လိုရာခရီးကို ကောင်းကောင်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အလားတူပဲ မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာစားခြင်းက ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို တစ်နေ့တာလုံးအတွက် လိုအပ်တဲ့စွမ်းအင်တွေကို ပေးစွမ်းပါတယ်။ လူတွေ နေ့စဉ်စားသုံးနေတဲ့ သကြားများတဲ့ အစားအစာတွေက ခဏတာ အားအင်ပြည့်ဝစေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အားအင်ကုန်ခမ်းမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် သကြားများတဲ့ အစားအစာတွေအစား အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ ဗီတာမင်ကြွယ်ဝတဲ့ ဥ၊ ကွေကာအုတ်၊ သစ်သီးတွေလို အစားအစာတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ မနက်ခင်းမှာ အချိန်သိပ်မရဘူးဆိုရင်တောင် ညကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် အာဟာရရှိတဲ့ မနက်စာကို အချိန်မီ စားသုံးနိုင်ပါတယ်။
၂။ အောင်မြင်မှုအတွက် အစီအစဉ်ဆွဲခြင်း
ရေစုန်မျောနေတဲ့ လှေတစ်စင်းလိုပဲ စနစ်ကျတဲ့ ဦးတည်ချက်မရှိဘဲ တစ်နေ့တာကို စတင်တာက ကိုယ့်ရဲ့အချိန်တွေကို အလဟဿ ကုန်ဆုံးစေပါတယ်။ ဒါကြောင့် မနက်ခင်းမှာ တစ်နေ့တာအတွက် အစီအစဉ်တစ်ခု ချမှတ်ထားဖို့ အရေးကြီးပါတယ်။
ဒီအစီအစဉ်ဟာ တင်းကျပ်တဲ့ အချိန်ဇယားဖြစ်ဖို့လည်း မလိုအပ်ပါဘူး။ လုပ်ဆောင်ရမဲ့ အဓိကအလုပ်တွေကို စာရင်းပြုစုတာ၊ ဒါမှမဟုတ် အလုပ်တစ်ခုချင်းစီအတွက် ခန့်မှန်းခြေအချိန်တွေ သတ်မှတ်ထားတာမျိုး လုပ်နိုင်ပါတယ်။ ဒီလိုအစီအစဉ်ချမှတ်ခြင်းက မနက်နိုးနိုးချင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာမျိုးကို ရှောင်ရှားနိုင်ပြီး ပန်းတိုင်တွေဆီကို ချက်ချင်း ဦးတည်လုပ်ဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။
၃။ အကြီးမားဆုံးဖားကို အရင်စားပါ [Eat the ‘Frog’]
Mark Twain ရဲ့ နာမည်ကြီးစကားပုံတစ်ခု ရှိပါတယ်။ “ မနက်တိုင်း ပထမဆုံးအလုပ်အနေနဲ့ ဖားအရှင်တစ်ကောင်ကို စားလိုက်ပါ။ ဒါဆိုရင် ကျန်တဲ့တစ်နေ့တာလုံးမှာ အဲဒါထက် ဆိုးတဲ့အရာ ဘာမှဖြစ်လာတော့မှာ မဟုတ်ဘူးတဲ့။” ဒီနေရာမှာပြောချင်တဲ့ “ ဖား” ဆိုတာကတော့ ကိုယ်အများဆုံးကြောက်ရွံ့ပြီး နောက်တွန့်နေတဲ့ အကြီးမားဆုံးနဲ့ အခက်ခဲဆုံးအလုပ်ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
အများဆုံးပျင်းရိပြီး နောက်ဆုတ်ထားတတ်တဲ့အလုပ်ကို မနက်ခင်းမှာ ပထမဆုံးအဖြစ် အရင်ပြီးအောင် လုပ်လိုက်ပါ။ ဒီလိုလုပ်ဆောင်လိုက်ခြင်းအားဖြင့် တစ်နေ့တာကို အလုပ်ပြီးမြောက်အောင် Productive ဖြစ်စွာနဲ့ စတင်နိုင်မှာဖြစ်ပြီး ကျန်တဲ့အလုပ်တွေကိုလည်း လုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုကိုလည်း ပိုင်ဆိုင်နိုင်စေပါတယ်။
၄။ အာရုံပျံ့လွင့်မှုတွေကို ဖယ်ရှားပါ
ဒီနေ့ခေတ်မှာ အလွယ်တကူ အာရုံပျံ့လွင့်နိုင်တဲ့အရာတွေက နေရာတိုင်းလိုလိုမှာ ဝိုင်းရံနေပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ ဖုန်းကို ချက်ချင်းစစ်ဆေးတာ၊ Social Media တွေ သုံးတာက ကိုယ့်ရဲ့စိတ်အာရုံကို လွယ်လွယ်ကူကူ ပျံ့လွင့်စေနိုင်ပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ ဖုန်းနဲ့ အခြား Digital Tool တွေ၊ Platform တွေကို အာရုံမစိုက်သေးဘဲ တစ်နေ့တာအတွက် ပန်းတိုင်တွေအပေါ်မှာပဲ အာရုံစိုက်လုပ်ဆောင်ပါ။ Email တွေနဲ့ Social Media Notification တွေကို စစ်ဆေးဖို့အတွက် သီးသန့်အချိန်တစ်ခု သတ်မှတ်ထားမယ်ဆိုရင် အလွယ်တကူ အာရုံပျံ့လွင့်တာကို တစ်နည်းတစ်ဖုံ ကာကွယ်ပေးနိုင်ပါတယ်။
လူတိုင်းလိုလိုမှာ ရေတိုပန်းတိုင်တွေအပြင် ရေရှည်ပန်းတိုင်တွေလည်း အများကြီး ရှိတတ်ပါတယ်။ ဥပမာ: ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့၊ စာအုပ်တစ်အုပ်ရေးဖို့၊ ဘာသာစကားအသစ်တစ်ခုကို တတ်မြောက်ဖို့ စတဲ့ ရည်မှန်းချက်တွေ ထားလေ့ရှိတတ်ကြပါတယ်။ ဒီလိုပန်းတိုင်တွေက ချက်ချင်းလက်ငင်း Result မထွက်လာနိုင်ဘဲ အနာဂတ်ရည်မှန်းချက်တစ်ခု ဖြစ်တာမို့လို့ ဘယ်ကစရမှန်းမသိတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါကြောင့် မနက်တိုင်းမှာ ကိုယ့်ရဲ့ ရေရှည်ပန်းတိုင်အတွက် အချိန်အနည်းငယ်ပေးပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဥပမာ: Business Plan ကို [15] မိနစ်လောက် ရေးဆွဲတာ၊ စာအုပ်တစ်မျက်နှာလောက် ရေးသားတာမျိုးတွေကို လုပ်နိုင်ပါတယ်။ ဒီလို သေးငယ်တဲ့ နေ့စဉ်ခြေလှမ်းတွေကပဲ ရေရှည်မှာ ကြီးမားတဲ့အောင်မြင်မှုတွေကို ဖြစ်ပေါ်လာစေမှာဖြစ်ပြီး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ ယုံကြည်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ဒီအချက်တွေကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ကိုယ့်ရဲ့မနက်ခင်းကို အကျိုးရှိရှိနဲ့ ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပြီး အောင်မြင်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ Hype Think Education ကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။
အခုလို လက်တွေ့အသုံးချနိုင်တဲ့ အကြောင်းအရာများစွာအပြင် Webinar တွေ၊ Free Class တွေနဲ့ Event များစွာကို အစဉ်တစိုက် ပြုလုပ်ပေးနေတဲ့ Hype Think Education ရဲ့ အစီအစဉ်ကောင်းများစွာကို လက်မလွတ်စေဖို့ Follow လုပ်ထားခဲ့ပါဦးနော်။
Content Writer Nilar Win
Graphic
