စိတ်ခံစားချက်တွေကိုဖော်ပြတဲ့ အကောင်းဆုံးဘာသာစကားတစ်ခု
ဒီနေ့ခေတ်မှာ လူငယ်တွေအများစုဟာ ဘဝရဲ့ ပင်ပန်းမှု၊ မိသားစုဖိအား၊ ပညာရေးအတွက် ယှဉ်ပြိုင်ရတဲ့ဖိစီးမှုတွေကြားထဲမှာ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်ပင်ပျောက်ဆုံးနေကြပြီလို့ ခံစားကြရတတ်ပါတယ်။ အဲ့ဒီအခါ စကားလုံးနဲ့တောင် မပြောနိုင်တဲ့ခံစားချက်တွေကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်နေရတာမျိုးရှိနိုင်သလို သူငယ်ချင်းတွေအပေါ်မှာတောင် မျှဝေဖို့ မလုပ်နိုင်တဲ့အချိန်တွေရှိတတ်တာကြောင့် အဲ့ဒီလိုအချိန်တွေမှာ သီချင်းတစ်ပုဒ်က ပြောလို့မထွက်နိုင်တဲ့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကိုယ့်အစားပြောပြပေးနိုင်ပြီး တစ်ယောက်တည်းနားထောင်နေရင်း ကိုယ့်စိတ်ထဲကနာကျင်မှုတွေ ထိတွေ့လာတာကို သတိထားမိတာမျိုးရှိနိုင်တဲ့အပြင် တချို့အတွက်တော့ ချစ်ခြင်းမေတ္တာကို ဆိုလိုတာလည်းဖြစ်နိုင်ပါတယ်။
တေးဂီတဆိုတာ ကိုယ်ခံစားနေရတဲ့စိတ်ခံစားချက်တွေကို ဖော်ပြဖို့အတွက် အစွမ်းထက်ဆုံးကိရိယာတစ်ခုပဲဖြစ်ပါတယ်။ မင်းဟာ တေးရေးသူဖြစ်ဖြစ်၊ နားထောင်သူ [ဒါမှမဟုတ်] သီချင်းဆိုတဲ့သူပဲဖြစ်ဖြစ် တစ်ဖက်တစ်လမ်းကနေ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ထုတ်ဖော်ဖို့၊ နားလည်ဖို့ တေးဂီတက ကူညီပေးတယ်။ Tempo [အရှိန်], Pitch [အသံအမြင့်], Dynamics [အသံအတက်အကျ] စတဲ့ ဂီတဆိုင်ရာအချက်တွေကနေ စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ ချစ်ခြင်းမေတ္တာ၊ စိုးရိမ်ခြင်းတွေကို ဖော်ပြနိုင်တယ်။ ဒါဆိုရင် တေးဂီတက ကိုယ့်ရဲ့စိတ်ခံစားမှုတွေနဲ့ဘယ်လိုဆက်စပ်နေလဲဆိုတာကို Hype Think Education နဲ့အတူတူ အဖြေရှာကြည့်ကြရအောင်နော်။
တေးဂီတနဲ့စိတ်ခံစားမှုက တစ်စိတ်တစ်ပိုင်းလို ဆက်စပ်နေတယ်
လူသားတွေရဲ့စိတ်ခံစားမှုတွေဟာ နှစ်ပေါင်းများစွာထဲက တေးဂီတတွေနဲ့ ဆက်စပ်လာခဲ့ကြတာဖြစ်ပါတယ်။ တစ်ချိန်တုန်းက မိမိကိုယ်ကိုကာကွယ်ဖို့၊ အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေဆီက ပြေးဖို့ ထူးခြားတဲ့အသံတွေကို အသုံးပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း [30,000] ကျော်လောက်မှာ လူသားတွေက အရိုးနဲ့လုပ်ထားတဲ့ တူရိယာတွေကို သုံးပြီး မိမိစိတ်ခံစားမှုတွေ ဖော်ပြဖို့အပြင် ပွဲအခမ်းအနားတွေနဲ့ ကပြမှုတွေမှာ အသုံးပြုခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ လူတွေရဲ့ ဦးနှောက်က တဖြည်းဖြည်းပြောင်းလဲတိုးတက်လာပြီး တေးဂီတနဲ့ လူတွေရဲ့ ဦးနှောက်ကြားဆက်စပ်မှုကတော့ ပိုမိုနီးကပ်လာပါတယ်။ တေးဂီတဆိုတာ လူတစ်ဦးရဲ့စိတ်ခံစားမှုကိုပြောင်းလဲနိုင်တဲ့ အထိရောက်ဆုံးသဘာဝလှုပ်ရှားမှုတစ်ခုဖြစ်လာတာကြောင့် တေးဂီတဟာ တစ်ယောက်ယောက်ရဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်သလို အမှတ်တရတွေကို ပြန်လည်သတိရစေတတ်ပါတယ်။
တေးဂီတနဲ့ စိတ်ပညာအကျိုးသက်ရောက်မှု
တေးဂီတက ခံစားရခက်တဲ့အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ်ဖော်ပြဖို့ နည်းလမ်းတစ်ခုဖြစ်လာနိုင်တယ်။ စိတ်ကျနေတယ်ဆိုရင် ကိုယ့်ခံစားချက်နဲ့တူတဲ့သီချင်းနားထောင်တာက စိတ်ထဲကခံစားချက်တွေကို ပြသဖို့အကောင်းဆုံးနည်းတစ်ခု ဖြစ်လာပါတယ်။ စိတ်ဖိစီးမှုတွေရှိလာရင် နေရာတစ်ခုမှာ Beats နဲ့အတူ ဆူညံအောင်နားထောင်ပြီး ခန္ဓာကိုယ်လှုပ်ရှားလိုက်တာက တကယ်ပဲထိရောက်ပါတယ်။
တေးဂီတနဲ့ မှတ်ဉာဏ် [Memory] ဘယ်လို ဆက်စပ်တာလဲ?
တစ်ခါတလေ သီချင်းတစ်ပုဒ်ကြားတာနဲ့ တစ်ချိန်တုန်းကအမှတ်တရတွေကို ပြန်သတိရတတ်ကြတယ်မလား? ဒါဟာ Hippocampus [မှတ်ဉာဏ်ဆိုင်ရာ ဦးနှောက်အပိုင်း] နဲ့ ဆက်စပ်နေတာကြောင့်ပဲ ဖြစ်တယ်။ အထူးသဖြင့် ကိုယ့်ဘဝထဲမှာ အရေးကြီးတဲ့အချိန်တစ်ခုနဲ့ ဆက်နွယ်နေတဲ့သီချင်းဆိုရင် အဲ့ဒီအမှတ်တရနဲ့အတူ ခံစားချက်တွေကို ပြန်လည်အမှတ်ရစေနိုင်ပါတယ်။ Alzheimer ရှိတဲ့လူနာတွေအတွက်တောင် သီချင်းနားထောင်ခြင်းက မျှော်လင့်ချက်တစ်ခုပဲဖြစ်ပါတယ်။
တေးဂီတနဲ့စိတ်ခံစားမှု ဘယ်လိုဆက်နွယ်နေသလဲ?
အရှိန် [Tempo], အသံအမြင့် [Pitch], Key တွေကစပြီး မင်းဘယ်လိုခံစားရမလဲဆိုတာကို သီချင်းက ဆုံးဖြတ်ပေးတတ်တယ်။ Major Key နဲ့ အရှိန်မြန်မြန်သွားနေတဲ့အသံတွေက ပျော်ရွှင်မှုကိုဖော်ပြတတ်ပြီး Minor Key နဲ့အေးအေးငြိမ့်ငြိမ့်သွားနေတဲ့အသံတွေက ဝမ်းနည်းမှုကိုဖော်ပြတတ်ပါတယ်။ Dynamics၊ အသံပေါင်းစပ်မှု [Texture] တို့ကလည်း သီချင်းတစ်ပုဒ်ရဲ့ခံစားမှုကို ပိုမိုအထောက်အကူပြုပေးပါတယ်။ တေးဂီတသံကို ကြားတာနဲ့အတူ Dopamine လို့ခေါ်တဲ့ခံစားမှုဆိုင်ရာဓာတုပစ္စည်းတစ်ခုပြန်ထွက်လာပြီး စိတ်ချမ်းသာမှုတွေကိုဖြစ်စေတတ်ပါတယ်။
တေးသံက တစ်ကမ္ဘာလုံးအတွက် “ခံစားချက်” ဆိုတဲ့ Common Language ဖြစ်တယ်။
လူတိုင်း ဘယ်နိုင်ငံ၊ ဘယ်ယဉ်ကျေးမှုကဖြစ်ဖြစ် သီချင်းတစ်ပုဒ်ရဲ့ခံစားချက်ကို တူညီအောင် ခံစားနိုင်စွမ်းရှိပါတယ်။ တစ်ခါတလေ သီချင်းတစ်ပုဒ်က မင်းရဲ့အတိတ်အမှတ်တရကိုပြန်အမှတ်ရစေပြီး စိတ်ထဲကအနက်ရှိုင်းဆုံးအပိုင်းနဲ့လည်း ချိတ်ဆက်ပေးတတ်ပါတယ်။ သီချင်းတစ်ပုဒ်ကိုကြားတာနဲ့ တစ်ချိန်တည်းမှာ ရယ်မောရတာ၊ မျက်ရည်ကျရတာတွေတောင် ဖြစ်လာတတ်ပါတယ်။
တေးသံက လူတစ်ယောက်ရဲ့ “Emotion Translator” ဖြစ်တယ်။
စကားလုံးနဲ့မပြောနိုင်တဲ့အရာကို တေးဂီတနဲ့ပြောနိုင်တယ်။ အနုပညာရှင်တစ်ဦးဟာ သူ့စိတ်ထဲကခံစားမှုကို အသံတွေနဲ့ ပြန်လည်ဘာသာပြန်ပေးနေသူတစ်ဦးပဲဖြစ်ပါတယ်။ နားထောင်သူတစ်ဦးအနေနဲ့လည်း မိမိစိတ်အခြေအနေနဲ့ချိတ်ဆက်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်လာနိုင်ပါတယ်။
[ Conclusion ]
တေးဂီတနဲ့ စိတ်ခံစားမှုတွေဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကိုအခြေခံပြီး ခိုင်မာစွာဆက်နွယ်နေပါတယ်။ မင်းဟာ ကိုယ့်ခံစားချက်တွေကို စကားနဲ့မဖော်ပြနိုင်တဲ့အချိန်မှာတောင် သီချင်းတစ်ပုဒ်က မင်းအစား ပြောပြပေးနိုင်တဲ့အပြင် ဘယ်တော့မှပြန်သတိရချင်မနေတဲ့ အမှတ်တရတစ်ခုကိုတောင် သီချင်းကပြန်ထိခိုက်စေတတ်သလို ကိုယ်တောင်မသိလိုက်တဲ့ စိတ်ထဲကနာကျင်မှုကိုတောင် ထိတွေ့စေတတ်ပါတယ်။ ဒါကြောင့် သီချင်းတစ်ပုဒ်ဟာ မင်းရဲ့စိတ်ခံစားမှုတွေကို နားထောင်ရင်းနဲ့ ချက်ချင်းဖော်ထုတ်ပေးနိုင်တဲ့ စိတ်နှလုံးရဲ့ မြင်ကွင်းတစ်ခုလိုပဲဖြစ်လာနိုင်ပါတယ်။ လူငယ်တိုင်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အကျိုးရှိစေမယ့် အကြောင်းအရာအသစ်တွေကို မျှဝေပေးသွားမှာမို့ Hype Think Education ကို Follow လုပ်ထားကြဖို့ မမေ့ပါနဲ့နော်။
Content Writer Saw Yu Nwe
Graphic