Popular Korean Drama Slang Vocabulary

Korean Slang ကို Korea လို 속어 [Sogeo] ဒါမှမဟုတ် 은어 [Euneo] လို့ခေါ်ပြီး ကိုရီးယားလူမျိုးတွေ နေ့စဉ်စကားပြောဆိုရာမှာ အသုံးများတဲ့  စကားလုံးတိုတို ဝေါဟာရလေးတွေ ဖြစ်ပါတယ်။

Share your love : ❤️

K-Drama တွေထဲက အမြဲကြားနေရတဲ့ဗန်းစကားတွေကို လေ့လာကြရအောင်

တစ်နေ့တစ်နေ့ K-Drama ကြည့်ရင်း စာလေ့လာမယ်လို့စဉ်းစားထားပေမယ့် ဇာတ်လမ်းထဲက Oppa ရဲ့ မျက်နှာကို ငေးကြည့်နေတာနဲ့ ဇာတ်လမ်းက ဘာဖြစ်သွားမှန်းမသိ၊ ဘာပြောသွားလဲတောင်မသိဆိုတဲ့ အခြေအနေတွေကို ကြုံဖူးကြတယ်မလား?  K-Drama တွေက  ကိုရီးယားဘာသာစကား၊ ယဉ်ကျေးမှုနဲ့ လူနေမှုဘဝကို လေ့လာဖို့ အရမ်းကောင်းတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အမှန်တကယ် ကိုရီးယားဘာသာကို နားလည်ဖို့ဆိုရင် ~

  • နောက်ခံယဉ်ကျေးမှု၊ 
  • နေ့စဉ်သုံးစကားလုံး၊ 
  • ဗန်းစကား [Slang]၊ 
  • Aegyo စကား၊ ဒေသအလိုက်အသုံးအနှုန်းတို့ကိုပါ သိထားဖို့လိုပါတယ်။ 

Korean Slang [ဗန်းစကား] ဆိုတာ ဘာလဲ?

Korean Slang ကို Korea လို 속어 [Sogeo] ဒါမှမဟုတ် 은어 [Euneo] လို့ခေါ်ပြီး ကိုရီးယားလူမျိုးတွေ နေ့စဉ်စကားပြောဆိုရာမှာ အသုံးများတဲ့  စကားလုံးတိုတို ဝေါဟာရလေးတွေ ဖြစ်ပါတယ်။ တကယ်သဘောကျစရာကောင်းတဲ့အချက်က Korea ရဲ့သင်ခန်းစာတွေထဲမှာ မတွေ့နိုင်တဲ့ အသုံးအနှုန်းတွေဖြစ်တာမို့လို့ ကိုရီးယားစကားနားထောင်နိုင်စွမ်းကို တကယ်တိုးတက်စေပါတယ်။

Korean Slang တွေကို သိထားမယ်ဆိုရင်  ~

  • ကိုရီးယားသူငယ်ချင်းတွေနဲ့ ပိုမိုနီးစပ်လာမယ်။
  • ဟာသတွေကိုလည်း နားလည်လာမယ်
  • K-Drama, Korean Songs, Vlog တွေမှာ သူတို့ဘာပြောနေလဲဆိုတာကောင်းကောင်း    နားလည်လာမယ်။ကိုးရီးယားယဉ်ကျေးမှုကို ပိုနားလည်လာမယ်။
  • ကြည့်မရတဲ့သူတွေကိုလည်း Korea ဗန်းစကားတွေနဲ့ အတင်းပြောနိုင်မယ်။ 

သင်လည်း Korea ဘာသာကို လေ့လာနေတဲ့သူဆိုရင် Korean Slang တွေကို မလွဲမသွေ လေ့လာသင့်ပါတယ်။ ဒါကြောင့်ပဲ Hype Think Academy ကနေ K-Drama Fan တွေအတွက် ကိုရီးယားဗန်းစကား [Korean Slang] တွေကို ပျော်ပျော်ပါးပါး လေ့လာနိုင်အောင် မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကိုယ့်ချစ်သူကို အတိုကောက်သုံးနှုန်းတဲ့ ဗန်းစကား

남친 [Nam-Chin] – 남자 친구 [Namja Chingu] Boyfriend ၊ 여친 [Yeo-Chin] : 여자 친구 [Yeoja Chingu] Girlfriend လို့ ကိုယ့်ချစ်သူကို အတိုကောက်သုံးနှုန်းတဲ့ ဗန်းစကားပဲဖြစ်ပါတယ်။ KakaoTalk မှာ Chat လုပ်တဲ့အခါမှာ လုံးဝအသုံးဝင်တဲ့ Shortcut တွေပဲ ဖြစ်ပါတယ်။ ချစ်သူရှိလားလို့ မေးချင်တဲ့အခါ 남친 있어요? [Namchin Isseoyo?] ဆိုပြီး တိုတိုလေးနဲ့ ထိထိရောက်ရောက်မေးလို့ရပါတယ်နော်။

자기야 [Jagiya] : အချစ်လေးလို့ ချစ်သူတွေကြားမှာ အများဆုံးသုံးတဲ့ ဝေါဟာရဖြစ်သလို နားလည်မှုနဲ့ချစ်ခြင်းတွေကိုဖော်ပြတဲ့ အသုံးအနှုန်းလည်းဖြစ်ပါတယ်။ K-Drama တွေထဲမှာ အမြဲကြားနေကျစကားစုဖြစ်တဲ့ “ 자기야 나 보고 싶었어? [Jagiya Na Bogo Sipeosseo?] : ငါ့ကိုသတိရလား?” ဆိုတာက ချွဲပြီးသုံးရတဲ့အသုံးအနှုန်းဖြစ်ပါတယ်။

모쏠 [Mossol] ကတော့ 모태솔로 [Motae Solo] : မွေးကတည်းက Single စကားလုံးရဲ့ အတိုကောက်ဖြစ်ပြီး 모태 [Motae] : မိခင်ဝမ်းတွင်း၊ 솔로 [Solo] : တစ်ယောက်တည်း လို့အဓိပ္ပာယ်ရတဲ့အပြင် မွေးလာသည့်နေ့ကစလို့ ချစ်သူတစ်ယောက်မှ မရှိဖူးတဲ့လူမျိုးကို ဆိုလိုတာပဲဖြစ်ပါတယ်။ တစ်ခါတလေ ချစ်ခြင်းနဲ့ကင်းစင်တဲ့ဘဝကို ရယ်စရာသွင်ပြင်နဲ့ဖော်ပြဖို့ Self-Joke အနေနဲ့လည်းသုံးတတ်ပါတယ်။ သတိထားရမှာကတော့ တခြားသူကို Mocking မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် ရယ်စရာအနေနဲ့ဖော်ပြချင်တဲ့အခါ သုံးဖို့အဆင်ပြေဆုံးဗန်းစကားပဲဖြစ်ပါတယ်။

စိတ်ညစ်တယ်၊ စိတ်ပျက်တယ်ဆိုတဲ့ ခံစားချက်ကို ဖော်ပြတဲ့ ဗန်းစကား

짜증나 [Jjajeungna] က စိတ်ညစ်တယ်၊ စိတ်ပျက်တယ်ဆိုတဲ့ ခံစားချက်ကို ဖော်ပြတဲ့ ဗန်းစကားပဲဖြစ်ပါတယ်။ တစ်နေ့တာမှာ ဖြစ်တတ်တဲ့ သာမန်စိတ်ညစ်မှုအနည်းငယ်အတွက် သုံးတာဖြစ်ပြီး ပြင်းထန်တဲ့ စိတ်တိုမှု၊ အငြင်းပွားမှုတွေကိုဖော်ပြချင်တဲ့အခါမျိုးတွေမှာတော့ သုံးလေ့မရှိပါဘူး။ ဒါကြောင့် စိတ်ပျက်နေတယ်၊ စိတ်မရှည်ဘူးဆိုတဲ့ ခံစားချက်ကို လေးလေးနက်နက်မပြောချင်တဲ့အခါ ဒီဗန်းစကားကို အသုံးပြုလေ့ရှိပါတယ်။

열받았어 [ Yeolbadasseo] က စိတ်ဆိုးနေတယ်၊ တကယ်ဒေါသထွက်နေတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ပြင်းထန်စွာ ဖော်ပြတဲ့ဗန်းစကားဖြစ်ပါတယ်။ “열” [အပူ] နဲ့  “받다” [လက်ခံရရှိသည်] ကို ပေါင်းပြီး “열받았어” လို့အသုံးပြုလိုက်မယ်ဆိုရင် စိတ်ပူလာသည် [သို့မဟုတ်] ဒေါသထွက်လာသည်ဆိုတဲ့အဓိပ္ပါယ်ကိုရရှိပါတယ်။ တကယ်ပြင်းထန်တဲ့ စိတ်ပူပန်မှု၊ စိတ်က ပြင်းထန်စွာ ဖိစီးနေတဲ့အချိန်မှာ သုံးဖို့ အထူးသင့်တော်တဲ့ဗန်းစကားပဲဖြစ်ပါတယ်။ 

멘붕 [menbung] က 멘탈 [Mental | စိတ်ဓာတ်] နဲ့ 붕괴 [Bunggoe | ကျခြင်း၊ ပျက်ခြင်း] ဆိုတဲ့စကားနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပြီး စိတ်ဓာတ်ကျခြင်း [Mental Breakdown] လို့အဓိပ္ပာယ်ရပါတယ်။ “멘붕” ဆိုတာ စိတ်ဓာတ်ကျပြီး ပျက်စီးသွားသလို ဖြစ်သွားတဲ့အခြေအနေကို ရည်ညွှန်းတဲ့ ဗန်းစကားဖြစ်သလို ကိုရီးယားမှာတော့ စိတ်ဓာတ်မတည်ငြိမ်တော့တဲ့အချိန်၊ စိတ်ထဲက ရှုပ်ထွေးနေတဲ့အချိန်တွေမှာ အဓိပ္ပါယ်ဖော်ပြဖို့ အသုံးပြုကြပါတယ်။ ဥပမာအနေနဲ့ဆိုရင် “주말에 데이트 약속 있는데 갑자기 회사에서 나오래၊ 멘붕이야 [တနင်္ဂနွေနေ့မှာ ချစ်သူနဲ့ date လုပ်ဖို့ ကတိပေးထားပေမယ့် ရုတ်တရက် အလုပ်က သွားဖို့ ရှိလာတယ်၊ စိတ်ဓာတ်ကျသွားပြီ။]” ဆိုပြီး အဲ့ဒီလိုအခြေအနေမျိုးမှာ သုံးလို့ရပါတယ်။

စိတ်ဝင်စားမှု မရှိတဲ့အခါတွေမှာ အသုံးပြုနိုင်တဲ့ ဗန်းစကား

노잼 [Nojaem] က 노 [no] : အငြင်းစကားလုံးဖြစ်တဲ့ “မ” နဲ့ 재미있어요 [Jaemi Isseoyo] : စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့စကားနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပြီး စိတ်ဝင်စားဖို့မကောင်းဘူး၊ ရယ်စရာမကောင်းဘူး၊ ပျင်းစရာကောင်းတယ်လို့ အဓိပ္ပာယ်ရပါတယ်။ အကြောင်းအရာတစ်ခုက စိတ်ဝင်စားဖို့မကောင်းတဲ့အခါ၊ ပျင်းဖို့ကောင်းတဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ရတဲ့အခါ နဲ့ Social Media၊ YouTube၊ SNS တို့မှာ စိတ်ဝင်စားမှု မရှိတဲ့အခါတွေမှာ အသုံးပြုနိုင်တဲ့ ဗန်းစကားဖြစ်ပါတယ်။

심쿵 [Simkung] က 심장 [Simjang] : နှလုံး နဲ့ 쿵 [Kung] : ထိတ်လန့်သံ၊ နှလုံးခုန်သံဆိုတဲ့ စကားလုံးနှစ်ခုကိုပေါင်းထားတာဖြစ်ပြီး နှလုံးခုန်သံမြန်တယ်လို့ အတိုကောက်အနေနဲ့  ချစ်စရာကောင်းအောင်သုံးလို့ရတဲ့ ဗန်းစကားပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကြောင့် နှလုံးခုန်သံမြန်လာတဲ့အခါဖြစ်ဖြစ်၊ စိတ်လှုပ်ရှားရတဲ့အခါဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ “그 사람 보고 심쿵했어 [Geu Saram Bogo Simkung Haesseo] : သူ့ကိုတွေ့လိုက်တော့ ရင်တွေခုန်ခဲ့တယ်” ဆိုပြီး Crush ကိုတွေ့လိုက်ရတဲ့အချိန်မှာ ဒီဗန်းစကားကို အကျိုးရှိရှိအသုံးချလို့ရပါတယ်။

대박 [daebak] က 대박나다 [အလွန်အောင်မြင်သည်] ဆိုတဲ့အဓိပ္ပါယ်ကနေ လူငယ်တွေက အတိုကောက်အနေနဲ့ ပြောင်းလဲပြီး အရမ်းအံ့ဩဖို့ကောင်းတယ်ဆိုတဲ့ ဗန်းစကားအဖြစ်ပြောဆိုအသုံးပြုကြပါတယ်။ K-Drama တွေမှာ အမြဲကြားနေရတဲ့စကားအသုံးအနှုန်းဖြစ်တဲ့အပြင် ထင်ထားတာထက် ပိုပြီးအံ့ဩဖို့ကောင်းတဲ့အရာ တွေကို မြင်တဲ့အချိန် ၊ ဆန်းသစ်မှု၊ ရယ်စရာ၊ သတင်းကောင်း တို့နဲ့ တွေ့ဆုံတဲ့အချိန်တွေစတဲ့အခြေအနေမှာ ဒီဗန်းစကားကို ပြောဆိုကြပါတယ်။

သူငယ်ချင်းကို Positive Energy ပေးချင်တဲ့အခါ အသုံးပြုနိုင်တဲ့ ဗန်းစကား

행쇼 [Haeng Syo] ကတော့ 행복하십시오 [Haengbok Hasibsio] : ပျော်ရွှင်ကြပါစေဆိုတဲ့ စကားလုံးရဲ့ အတိုကောက်ဖြစ်ပြီး လူငယ်တွေက ပြောရတာအဆင်ပြေဖို့အတွက် 행쇼 လို့ ပြောကြတာပဲဖြစ်ပါတယ်။ သူငယ်ချင်းကို Positive Energy ပေးချင်တဲ့အခါ၊ SNS ပေါ်မှာ Message Caption အနေနဲ့ ဒီဗန်းစကားကို သုံးကြတာပဲဖြစ်ပါတယ်။

현웃 [hyeonut] က 현실에서 웃음 [Hyeonsireseo Useum] : တကယ်ရယ်သွားတယ် ဆိုတဲ့စကားလုံးရဲ့  အတိုကောက်ဖြစ်ပြီး ပြုံးသွားတယ်၊ ရယ်သွားတာ [LOL] လို့အဓိပ္ပါယ်ရပါတယ်။ လူတွေက SNS, Messenger စတဲ့ Chat တွေမှာ ㅋㅋㅋ [ရယ်သံ] ဆိုတာကို Text-based Laughter အနေနဲ့ သုံးကြပေမယ့် တကယ်လက်တွေ့မှာ တစ်စုံတစ်ယောက် [ဒါမှမဟုတ်] တစ်ခုခုကြောင့် ရယ်မောထွက်လာတဲ့အခါတွေမှာတော့ 현웃 ဆိုတဲ့ ဗန်းစကားကို သုံးကြတယ်။ ဒါကြောင့် 현웃 က English ရဲ့ LOL [Laughing Out Loud] နဲ့ တူတဲ့ Korean ဗန်းစကားတစ်ခု ဖြစ်ပါတယ်။ တကယ်ရယ်သွားတယ်ဆိုတဲ့ ကိုယ့်ရဲ့ Strong Reaction ကို ချပြချင်တဲ့အခါမှာ သုံးနိုင်ပါတယ်။

꿀잼 [Kkuljaem] ကတော့ 꿀 [Kkul] : သကြားရည် နဲ့ 재미있다 [Jaemiitda] : စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ စကားလုံးနှစ်ခုကိုပေါင်းစပ်ပြီး အတိုကောက်အနေနဲ့ ခေါ်ဝေါ်တဲ့ အရမ်းပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အရာလို့အဓိပ္ပာယ်ရပါတယ်။ ရုပ်ရှင်၊ ဇာတ်လမ်း၊ ဗီဒီယို၊ ဂိမ်းစတာတွေက စိတ်ဝင်စားဖို့ကောင်းတဲ့အခါ၊ တစ်ခုခုကြောင့် အရမ်းပျော်ရတဲ့အခါတွေမှာ လူငယ်တွေက ဒီဗန်းစကားကိုပြောကြပါတယ်။

အကောင်းဆုံး၊ ထူးချွန်ဆုံးလို့အဓိပ္ပာယ်ရပြီး လူတွေကို ချီးကျူးချင်တဲ့အခါ အသုံးပြုတဲ့ ဗန်းစကား

짱 [Jjang] ဆိုတဲ့ဗန်းစကားကတော့ အကောင်းဆုံး၊ ထူးချွန်ဆုံးလို့အဓိပ္ပာယ်ရပြီး လူတွေကို ချီးကျူးချင်တဲ့အခါ သုံးလေ့ရှိပါတယ်။ ဘာမဆို ထူးခြားမှုရှိတဲ့လူတစ်ယောက်လို့သုံးချင်တဲ့အခါတွေကြရင် “너 진짜 짱이다 [မင်းက တကယ်အကောင်းဆုံး၊ ထူးခြားဆုံး ဖြစ်တယ်]” လို့ပြောတတ်ကြပါတယ်။

아싸 [Assa] ကတော့ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ ဝမ်းသာမှု ကိုဖော်ပြတဲ့ ဗန်းစကားလုံးဖြစ်ပြီး  ဝမ်းသာချိန်၊ အောင်မြင်ချိန်၊ ရွှေ့ပြောင်းမှုတွေကို ကျေနပ်စွာပြောချင်တဲ့အခါ သုံးပါတယ်။ စာမေးပွဲအောင်မြင်တဲ့အခါ၊ အလုပ်တစ်ခုကို အောင်မြင်စွာပြီးဆုံးတဲ့အခါ၊ အရမ်းပျော်ရွှင်ရတဲ့အခါတွေမှာ “시험 합격했다! 아싸 [စာမေးပွဲအောင်မြင်တာကြောင့် အရမ်းဝမ်းသာတယ်]” လို့ ပြောတတ်ကြတယ်။

뻥 [Ppung] က ကိုရီးယားဗန်းစကားဖြစ်ပြီး အကြောင်းအရာတစ်ခုကို မယုံနိုင်လောက်အောင် ပြောနေတဲ့အခါ၊ သတင်းအမှားကိုပြောနေတဲ့အခါမှာ အသုံးပြုပြောဆိုတတ်ကြပါတယ်။ 뻥 ဆိုတာက အသံအရအခြေခံထားတဲ့ စကားလုံးတစ်ခုပဲဖြစ်ပြီး၊ “ပေါက်ကွဲသံ” လိုမျိုး ထွက်တဲ့အသံကို ဖော်ပြတာကြောင့် လူတစ်ယောက်က စကားတစ်ခုကို အလွန်အမင်း ပြောဆိုနေတာ၊ မဖြစ်နိုင်လောက်အောင် အကြီးကြီးဖြစ်အောင်ပြောတာနေတာမျိုးကို “뻥” လို့ခေါ်တတ်ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် လူတွေအကြားမှာ တကယ်တမ်းမဖြစ်နိုင်တာတောင် ပြောနေတယ်ဆိုတဲ့ခံစားချက်ကိုဖော်ပြချင်တဲ့အခါ “그 이야기 뻥이야 [ဒီအကြောင်းက မှန်ရဲ့လား]” ဆိုပြီး သုံးလို့ရပါတယ်။

[ Conclusion ]

K-Drama ကြည့်လို့ ဒီဗန်းစကားတွေကို ကြားတဲ့အခါ သူတို့ဘာအဓိပ္ပာယ်နဲ့ ပြောလဲဆိုတာကို သေချာသိရှိသွားမယ်လို့ယုံကြည်ပါတယ်။ နောက်တစ်ခါ K-Drama ကြည့်ရင် Oppa တွေကိုပဲ ငမ်းမနေဘဲ ဗန်းစကားတွေကိုလည်း သေချာလိုက်နားထောင်ကြည့်ကြဖို့မှာချင်ပါတယ်။

သင်အကြိုက်ဆုံးဗန်းစကားတစ်ခုကို Comment မှာ ရေးခဲ့ပေးကြပါဦးနော်။ နောက်ထပ်လည်း Hype Think Acadamy ကနေ လူငယ်တွေအတွက် ဘာသာစကားသင်တန်းတွေကို အခမဲ့ဖွင့်လှစ်ပေးနေသလို ဗဟုသုတရစေတဲ့အကြောင်းအရာတွေ၊ ဘာသာစကားသင်ယူနိုင်မယ့်အခွင့်အလမ်းတွေ၊ ဘာသာစကားလေ့လာရာမှာအထောက်အကူဖြစ်စေမယ့် Tip တွေကို မျှဝေပေးသွားမှာမို့လို့ Hype Think Education ကို Follow လုပ်ခဲ့ဖို့ အမှာစကားပါးချင်ပါတယ်။

Content Writer Saw Yu Nwe

Graphic

Share your love : ❤️