Postpartum Depression

မွေးဖွားပြီးချိန်ဆိုတာ ဘဝရဲ့အလှပဆုံး အချိန်တစ်ခုလို့ ပြောကြပေမယ့် တကယ်တမ်းမှာတော့ ဒီအချိန်ဟာ မိခင်တစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အများကြီးနဲ့ ရင်ဆိုင်ရတဲ့အချိန်ပါ။

Share your love : ❤️

မွေးဖွားပြီးစ စိတ်ကျရောဂါ [Postpartum Depression]

မွေးဖွားပြီးချိန်ဆိုတာ ဘဝရဲ့အလှပဆုံး အချိန်တစ်ခုလို့ ပြောကြပေမယ့် တကယ်တမ်းမှာတော့ ဒီအချိန်ဟာ မိခင်တစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အများကြီးနဲ့ ရင်ဆိုင်ရတဲ့အချိန်ပါ။

တချို့မိခင်တွေမှာ မွေးပြီးနောက်ပိုင်း စိတ်ဓာတ်ကျတာ၊ စိတ်မတည်ငြိမ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကို လူငယ်တွေအနေနဲ့ နားလည်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နောင်တစ်ချိန်မှာ ကိုယ်တိုင်မိဘဖြစ်လာနိုင်သလို အခုချိန်မှာလည်း ကိုယ့်အမေ၊ ကိုယ့်အဒေါ်နဲ့ အနီးနားက မိခင်တွေကို နားလည်ကူညီဖို့ လိုတာကြောင့်မို့ Hype Think Education ကနေ ပြောပြပေးသွားမဲ့ Postpartum Depression အကြောင်းကို အဆုံးထိဖတ်ရှုပေးသွားကြဖို့ ဖိတ်ခေါ်ပါတယ်။

Postpartum Depression အကြောင်းသိထားခြင်းက ကိုယ့်အနာဂတ်အတွက်ရော၊ လက်ရှိပတ်ဝန်းကျင်အတွက်ပါ အရမ်းအရေးကြီးတာကြောင့်မို့ နောက်လည်း အခုလိုမျိုး ပညာရေးနဲ့ Mental Health အစရှိတဲ့ ဗဟုသုတများစွာကို Hype Think Education ကနေ ဆက်လက်တင်ပြပေးသွားမှာကြောင့် Like & Follow မလုပ်ရသေးရင် လုပ်သွားလိုက်ကြပါဦးနော်။

Postpartum Depression ဆိုတာ ဘာလဲ?

“ Baby Blues” နဲ့ Postpartum Depression ကို မှားတတ်ကြပါတယ်။  

Baby Blues ဆိုတာ မွေးပြီး [2-3] ရက်အတွင်း စိတ်မကြည်မလင် ဖြစ်တတ်ခြင်း၊ ပုံမှန်ဖြစ်တတ်ပြီး [1-2] ပတ်အတွင်း သက်သာသွားတတ်ပါတယ်။ ငိုချင်စိတ်များတာ၊ စိတ်တိုလွယ်တာ၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပေမယ့် ပြင်းထန်မှုနည်းပါတယ်။  

Postpartum Depression ကတော့ ပိုပြင်းထန်ပြီး လနဲ့ချီကြာနိုင်ပါတယ်။ ကလေးကို ဂရုစိုက်ဖို့တောင် စိတ်မပါတာ၊ မိမိကိုယ်ကို အပြစ်ရှိသလို ခံစားရတာ၊ စိတ်ထဲမှာ အတွေးဆိုးတွေ ဝင်လာတာမျိုးအထိ ဖြစ်နိုင်ပါတယ်။  

ဒီလိုခံစားရတာက ဟော်မုန်းအပြောင်းအလဲ၊ အိပ်ရေးပျက်တာ၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တာပါ။ ကုသလို့ရတဲ့ ရောဂါတစ်ခုပါနော်။  

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ?

တချို့မိခင်တွေက ဒီလိုခံစားရတာကို ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်နဲ့ ဖုံးထားတတ်ကြပါတယ်။ ဒါပေမယ့် ဒါကို မျှဝေဖို့ အရေးကြီးပါတယ်။ 

စိတ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်တဲ့

  • နေရတာမပျော်တော့သလို ခံစားရခြင်း၊
  • ကလေးမွေးပြီးတာတောင် ဝမ်းသာစရာမရှိဘူးလို့ ခံစားရနေရခြင်းတို့ ဖြစ်တတ်ပါတယ်။
  • ကလေးကို ချစ်ချင်စိတ်မရှိဘူးလို့ ထင်ရခြင်း၊ တချို့မိခင်တွေက “ ငါ့ကလေးကို ဘာဖြစ်လို့ ချစ်ရမှန်းမသိဖြစ်နေတာလဲ” ဆိုပြီး အပြစ်ရှိသလို ခံစားရတတ်ပါတယ်။  
  • အိမ်ထောင်ဖက်နဲ့ ဆက်ဆံရေး ပြောင်းလဲသွားခြင်း၊ စိတ်တိုလွယ်တာ၊ မိမိကိုယ်ကိုယ် အန္တရာယ်ပေးချင်စိတ် ဒါမှမဟုတ် ကလေးကို ထိခိုက်မှာစိုးရိမ်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ်။  

ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်တဲ့

အလွန်အမင်းအိပ်ခြင်း၊ ညဘက်ကလေးနိုးတိုင်း ထရတာကြောင့် အိပ်ရေးပျက်တာ၊ နေ့ခင်းဘက်မှာ အားအင်ကုန်ခမ်းနေသလို ခံစားရတတ်ပါတယ်။ 

အစားအသောက်ပြောင်းလဲတာမျိုးဖြစ်တဲ့ အရင်ကထက် အလွန်အမင်းစားမိတာ ဒါမှမဟုတ် ဘာမှမစားချင်တော့တာ ဖြစ်နိုင်ပါတယ်။  

ခေါင်းကိုက်ခြင်း၊ ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်းနဲ့ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားရနိုင်ပါတယ်။  

ဘာတွေက ဒီရောဂါကို ဖြစ်စေနိုင်တာလဲ?

ဟော်မုန်းအပြောင်းအလဲ

ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားပြီးချိန်မှာ Estrogen  and Progesterone Hormones တို့ ရုတ်တရက်ကျဆင်းသွားတာကြောင့် စိတ်အခြေအနေကို သက်ရောက်မှုရှိပါတယ်။

အိပ်ရေးပျက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း

ညဘက်မှာ ကလေးတွေက မကြာခဏ နိုးတတ်‌လို့ ဂရုစိုက်ရတာကြောင့် မိခင်တွေရဲ့ အိပ်စက်ချိန်တွေ မလုံလောက်တတ်ပါဘူး။ ဒါက စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။  

စိတ်ဖိစီးမှုများခြင်း

ကလေးကျန်းမာရေး၊ ငွေကြေးအခက်အခဲ နဲ့ အိမ်ထောင်ရေးပြဿနာတွေကလည်း စိတ်ဓာတ်ကျစေနိုင်ပါတယ်။  “ ငါ မိခင်‌ကောင်းတစ်ယောက်မဖြစ်နိုင်ဘူးလား” ဆိုတဲ့ အတွေးတွေက ပိုဆိုးစေနိုင်ပါတယ်။  

ဘယ်လိုကုသမလဲ?

+ စိတ်ကုထုံး [Therapy] 

CBT [Cognitive Behavioral Therapy]က အတွေးအမြင်တွေကို ပြုပြင်ပေးတဲ့ ကုထုံးဖြစ်ပါတယ်။ Support Groups ဖြစ်တဲ့ တခြားမိခင်တွေနဲ့ အတူတူပြောပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်သလို အိမ်ထောင်ဖက်၊ မိသားစုဝင်တွေရဲ့ ဂရုစိုက်မှု၊ ဝိုင်းဝန်းကူညီမှုတွေက အရမ်းအရေးကြီးပါတယ်။  

ကလေးထိန်းကူပေးတာ၊ အိမ်အလုပ်တွေ ဝိုင်းလုပ်ပေးတာ စတဲ့ လက်တွေ့ကူညီမှုများ လုပ်ဆောင်ပေးပါ။ ဆေးဝါးကုသဖို့ လိုအပ်သူများအနေဖြင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ ဂရုစိုက်ပေးပါ။

မေမေတို့အတွက် အကြံပြုချက်တွေအနေနဲ့  မိမိခံစားချက်ကို ယုံကြည်ရသူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ကလေးအိပ်တဲ့အချိန် အနားယူပါ။ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပါ။ လမ်းလျှောက်တာ၊ ယောဂကျင့်တာတွေက စိတ်ကိုပေါ့ပါးစေပါတယ်။  

အစားကောင်းကောင်းစားပါ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေက စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။  

Postpartum Depression ခံစားနေရတယ်ဆိုရင် ဒါဟာ သင့်ရဲ့အားနည်းချက်မဟုတ်ပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ခုပါ။ အရေးကြီးဆုံးက အချိန်မီကုသမှုခံယူဖို့ နဲ့ မိမိကိုယ်ကိုယ် ခွင့်လွှတ်ဖို့ပါ။ အနာဂတ်ရဲ့ လူငယ်တွေ စိတ်ဒဏ်ရာ မဖြစ်ရအောင် PPD ခံစားနေရတဲ့ မိခင်တိုင်း ပျော်ရွှင်ဖို့၊ ကလေးတိုင်း ကျန်းမာပြီး အနာဂတ်လူငယ်တွေ စိတ်ကျန်းမာရေးပြည့်ဝတဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်လာစေဖို့ အတူတကွရင်ဆိုင်‌ဖြတ်‌ကျော်ကြပါစို့နော်။

Content Writer Zar Chi Win

Graphic Wathone Oo

Share your love : ❤️