Rainy Season Flower Names

မိုးရေရဲ့အေးမြမှုနဲ့စိုစွတ်မှုက သစ်ရွက်တွေကို ပိုမိုစိမ်းလန်းစိုပြည်စေပြီး ပန်းပွင့်တွေကိုလည်း အရောင်အသွေးစုံလင်တောက်ပအောင် ကူညီပေးပါတယ်။ မိုးရေစက်တွေဖုံးလွှမ်းပြီး လှပတင့်တယ်တဲ့ပန်းတွေရဲ့အလှက အမြင်အာရုံကိုသာမက စိတ်နှလုံးကိုပါ ဆွဲငင်ညှို့ယူနိုင်စွမ်းရှိပါတယ်။

Share your love : ❤️

မိုးရာသီမှာ လန်းဆန်းစွာဖူးပွင့်တတ်တဲ့ မိုးရာသီပန်းများအကြောင်း

အချိန်ရာသီတွေ တရွေ့ရွှေ့ကူးပြောင်းပြီး ရာသီအလိုက်ဖူးပွင့်ကြတဲ့ ပန်းမျိုးစုံတို့က ဒီကမ္ဘာလောကကို အလှဆင်ပေးကြပါတယ်။ အခုအချိန်ကတော့ မိုးစက်တွေ တဖြောက်ဖြောက်ရွာသွန်းပြီး မြေပြင်ကို စိုစွတ်စေတဲ့အခါ လေထဲမှာ သင်းပျံ့တဲ့ပန်းရနံ့ အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ မိုးရာသီကာလကို ရောက်ရှိလာပါပြီ။ ဒီလိုအချိန်မျိုးမှာ သဘာဝရဲ့လှပတဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့ ပန်းအလှက အားလုံးရဲ့အမြင်အာရုံကို ဖမ်းစားဖို့အတွက် ပိုပြီးတော့ထင်ရှားလာတတ်ပါတယ်။

မိုးရေရဲ့အေးမြမှုနဲ့စိုစွတ်မှုက သစ်ရွက်တွေကို ပိုမိုစိမ်းလန်းစိုပြည်စေပြီး ပန်းပွင့်တွေကိုလည်း အရောင်အသွေးစုံလင်တောက်ပအောင် ကူညီပေးပါတယ်။ မိုးရေစက်တွေဖုံးလွှမ်းပြီး လှပတင့်တယ်တဲ့ပန်းတွေရဲ့အလှက အမြင်အာရုံကိုသာမက စိတ်နှလုံးကိုပါ ဆွဲငင်ညှို့ယူနိုင်စွမ်းရှိပါတယ်။

မြန်မာနိုင်ငံရဲ့ မိုးရာသီဟာဆိုရင် ဇွန်လကနေ အောက်တိုဘာလဝန်းကျင်အထိ ကြာမြင့်တတ်ပြီး ပန်းအမျိုးအစားပေါင်းများစွာ ပွင့်လန်းတတ်ပါတယ်။ တချို့သောပန်းတွေက မိုးရာသီကို အထူးတလည်နှစ်သက်ပြီး မိုးရေရရှိမှသာ ပိုမိုလှပလန်းဆန်းစွာနဲ့ ပွင့်လန်းတတ်ကြပါတယ်။

မိုးရာသီမှာအများအားဖြင့် ဘယ်လိုအထင်ကရပန်းတွေကို တွေ့ရတတ်လဲဆိုရင်တော့ ~

သစ်ခွ

အစိုဓာတ်ကို နှစ်သက်တဲ့ သစ်ခွပန်းတွေအတွက် မိုးရာသီဟာ အကောင်းဆုံးကာလဖြစ်ပါတယ်။ သစ်ပင်တွေပေါ်မှာတွဲခိုပြီး ခရမ်းရောင်၊ အဖြူရောင် စသဖြင့် အရောင်အသွေးစုံလင်အောင် ပွင့်တတ်တဲ့ သစ်ခွပန်းတွေရဲ့ ထူးခြားတဲ့ပုံသဏ္ဌာန်တွေနဲ့ နူးညံ့သိမ်မွေ့တဲ့အလှက စိတ်ကိုကြည်လင်အေးချမ်းစေပါတယ်။

နှင်းဆီ

နှင်းဆီအမျိုးအစားတွေ အားလုံးတော့မဟုတ်ပေမဲ့ တချို့သောနှင်းဆီမျိုးစိတ်တွေဟာ မိုးရာသီမှာ ပိုပြီးလန်းဆန်းတောက်ပစွာ ပွင့်လန်းတတ်ပါတယ်။ မိုးရေစိုနေတဲ့ နှင်းဆီပွင့်ဖတ်နီနီရဲရဲလေးတွေက အချစ်ကို ကိုယ်စားပြုတာကြောင့် ချစ်ခင်ရသူတွေကို လက်ဆောင်ပေးတဲ့အခါ နှင်းဆီပန်းပွင့်တွေကို မေ့ထားလို့မရပါဘူး။

စံပယ်

အဖြူရောင်စံပယ်ပန်းတွေရဲ့ သင်းပျံ့တဲ့ရနံ့က မိုးရာသီမှာ ပိုပြီးထင်ရှားမွှေးကြိုင်လေ့ရှိပါတယ်။ မိုးအေးအေးမှာ လေထဲကိုတိုက်ခက်လာတဲ့ သင်းပျံ့လှတဲ့စံပယ်ရနံ့က စိတ်ကိုအေးမြလန်းဆန်းစေတဲ့အပြင် စံပယ်ပန်းဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ အထင်ကရပန်းလည်းဖြစ်ပါတယ်။

ကြာပန်း

မိုးရာသီရောက်တဲ့အခါ ရေကန်တွေ၊ အင်းအိုင်တွေထဲမှာ ကြာပန်းတွေက ခန့်ညားထည်ဝါစွာ ဖူးပွင့်နေတတ်ပါတယ်။ ဒီလို ရေပေါ်မှာ ငြိမ်သက်စွာနဲ့လွင့်မျောနေတဲ့ ကြာပန်းတွေက မြင်ရသူတိုင်းကို စိတ်အေးချမ်းမှုပေးစွမ်းနိုင်စွမ်းရှိပါတယ်။

Conclusion

မိုးရာသီမှာ ပန်းတွေဟာ အမြင်တင့်တယ်လှပရုံသာမက လေထဲမှာသင်းပျံ့လာတတ်တဲ့ ပန်းရနံ့တွေကလည်း တစ်နေ့တာရဲ့ပင်ပန်းမှုကို လျော့ပါးစေပြီး စိတ်ကိုလန်းဆန်းတက်ကြွစေပါတယ်။ အထူးသဖြင့် မိုးဖွဲဖွဲလေးတွေ ရွာနေတုန်း ဒါမှမဟုတ် မိုးစဲသွားပြီးစအချိန်တွေမှာ ပန်းရနံ့တွေက ပိုပြီး သိသိသာသာထင်ရှားမွှေးကြိုင်တတ်ပါတယ်။

မိုးရာသီမှာ ပိုမိုတောက်ပစွာဖူးပွင့်တတ်တဲ့ ပန်းတွေက သဘာဝရဲ့အလှတရားအပြင် ပြန်လည်ရှင်သန်နိုင်စွမ်းကိုလည်း ထင်ဟပ်ပြသနေပါတယ်။ မိုးဒဏ်လေဒဏ်တွေကြားကနေ ကြိုးကြိုးစားစားပွင့်လန်းလာတဲ့ ပန်းတွေက ဘဝရဲ့အခက်အခဲကြားကနေ အလှတရားကို ရှာဖွေနိုင်ဖို့ သင်ခန်းစာပေးနေသလိုပဲဖြစ်ပါတယ်။ နေရောင်ခြည်သိပ်မရဘဲ မိုးအုံ့တဲ့နေ့တွေမှာတောင် အရောင်အသွေးစုံလင်စွာနဲ့ ဖူးပွင့်တတ်ကြပါသေးတယ်။

ပန်းချစ်သူတွေအတွက် မိုးရာသီမှာ လန်းဆန်းပြီးရနံ့သင်းစွာ ဖူးပွင့်လေ့ရှိတဲ့ ပန်းတွေအကြောင်းကို Hype Think Education ကနေ မျှဝေပေးသွားခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကရော ဒီမိုးရာသီမှာ ဘယ်လိုပန်းတွေကို သတိထားမိပြီး သဘောကျတတ်လဲ။ လှပတဲ့ ရာသီပန်းပုံတွေကို တခြားသူတွေလည်း ကြည့်ရှုခံစားလို့ရအောင် Comment မှာ မျှဝေပေးသွားခဲ့ပါဦးနော်။

Content Writer Nilar Win

Graphic

Share your love : ❤️