Volunteering: How It Grows Your Skills and Network

လူငယ်တွေအနေနဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတဲ့မသေချာမှုတွေကို ရင်ဆိုင်နေရတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးသွားပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုအောက်မှာ ရုန်းကန်နေကြရပါတယ်။ လူသားအကျိုးပြုလုပ်ငန်းတစ်ခုမှာ ပါဝင်ခြင်းက ကိုယ့်အရည်အချင်းတွေကို စမ်းသပ်နိုင်ရုံသာမက ကိုယ်တကယ်ဝါသနာပါတဲ့နယ်ပယ်ကိုလည်း ရှာဖွေနိုင်မယ့် အခွင့်အလမ်းဖြစ်လာစေနိုင်ပါတယ်။

Share your love : ❤️

Volunteer လုပ်ပြီး ကိုယ့်အနာဂတ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြမယ်

ယနေ့ခေတ်မှာ လူငယ်တွေအနေနဲ့ ပညာရေး၊ အလုပ်အကိုင်နဲ့ အနာဂတ်မှာ ဘာလုပ်ရမလဲဆိုတဲ့မသေချာမှုတွေကို ရင်ဆိုင်နေရတာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးသွားပြီး စိတ်ပိုင်းဆိုင်ရာဖိစီးမှုအောက်မှာ ရုန်းကန်နေကြရပါတယ်။ ဒီဘာသာရပ်ကို လေ့လာတာမှန်ရဲ့လား၊ ဘွဲ့ရပြီးရင်ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းတွေနဲ့ နေ့စဉ်စိတ်ပင်ပန်းနေတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဖို့နည်းလမ်းတစ်ခုကတော့ Volunteer လုပ်ခြင်းဖြစ်ပါတယ်။

လူသားအကျိုးပြုလုပ်ငန်းတစ်ခုမှာ ပါဝင်ခြင်းက ကိုယ့်အရည်အချင်းတွေကို စမ်းသပ်နိုင်ရုံသာမက ကိုယ်တကယ်ဝါသနာပါတဲ့နယ်ပယ်ကိုလည်း ရှာဖွေနိုင်မယ့် အခွင့်အလမ်းဖြစ်လာစေနိုင်ပါတယ်။ လူငယ်တစ်ဦးအနေနဲ့ အနာဂတ်ဆိုတာကို သေချာမသိသေးတာထက် ကိုယ့်အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းတွေကို ကိုယ်တိုင်ပဲဖန်တီးရမယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒီအခွင့်အလမ်းတွေထဲမှာ ကိုယ့်အရည်အချင်းတွေကို တိုးတက်စေပြီး အတွေ့အကြုံအသစ်တွေ ရယူနိုင်တဲ့အပြင် လူမှုဆက်ဆံရေးကောင်းမွန်စေဖို့ Volunteer လုပ်ခြင်းက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

Volunteer ဆိုတာ ဘာလဲ?

Volunteer ဆိုတာ ကိုယ့်အချိန်၊ ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းတွေကို သေချာအသုံးချပြီး လူတစ်ဦးတစ်ယောက်အတွက် [ဒါမှမဟုတ်] လူမှုအဖွဲ့အစည်းတွေအတွက် အခကြေးငွေမယူဘဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ပေးတဲ့ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါက အကူအညီလိုသူတွေကို အကျိုးပြုနိုင်သလို ကိုယ့်အတွက်လည်း ဗဟုသုတရစရာအကြောင်းအရာအသစ်တွေကို သိလာစေပြီး ကျွမ်းကျင်မှုတွေ တိုးတက်စေတဲ့အပြင် ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်မယ့်လူတွေနဲ့လည်း ကောင်းမွန်‌တဲ့ဆက်ဆံရေးဖြစ်အောင် ချိတ်ဆက်ပေးနိုင်ပါတယ်။ ဒါဆိုရင် Volunteer လုပ်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ၊ ဘယ်လိုမျိုးစတင်လုပ်ဆောင်နိုင်မလဲဆိုတာကို Hype Think Education ကနေ တစ်ချက်ချင်းစီ အသေးစိတ်ပြောပြပေးသွားမှာမို့လို့ အဆုံးထိဖတ်ရှုပေးပါဦးနော်။

Volunteer လုပ်ဖို့အတွက် ဘယ်လိုနေရာတွေကနေ စတင်နိုင်မလဲ? 

Local Community 

ဒေသတွင်းအကျိုးပြုအဖွဲ့တွေ၊ လူမှုစင်တာတွေမှာ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်နဲ့ ကိုက်ညီမယ့် Volunteer အခွင့်အလမ်းတွေရှိတဲ့အပြင် တိုက်ရိုက်ဆက်သွယ်မေးမြန်းပြီး စတင်လို့ရပါတယ်။

Media

Facebook ၊ LinkedIn တို့ကနေလည်း နေရာဒေသအလိုက် Volunteer အခွင့်အလမ်းတွေ မျှဝေပေးပြီး သူငယ်ချင်းမိတ်ဆွေတွေကနေတစ်ဆင့်လည်း အခွင့်အလမ်းအသစ်တွေ ရှာဖွေနိုင်ပါတယ်။ 

University Resources

တက္ကသိုလ်တွေမှာရှိတဲ့ Volunteer Centre တွေက ကျောင်းသားတွေကို ဒေသတွင်းအကျိုးပြုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာမို့လို့ Volunteer အခွင့်အလမ်းတွေရရှိဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။ 

Online မှာ Volunteer အခွင့်အလမ်းရှာဖွေမယ်ဆိုရင် ~ 

  • အမေရိကပြည်တွင်းအဓိကဖြစ်ပေမယ့် တခြားနိုင်ငံတွေလည်း ပါဝင်ပြီး Global Volunteer Opportunities Platform တစ်ခုဖြစ်တဲ့ Volunteermatch ~ volunteermatch.org
  • UN အဖွဲ့အစည်းများနှင့် Development Project များတွင် Volunteer/Intern လုပ်နိုင်မည့်အခွင့်အလမ်းတွေရရှိနိုင်မယ့် UNDP Myanmar ~ mm.undp.org
  • ကမ္ဘာတစ်ဝှမ်းရှိ ဘာသာစကားကျွမ်းကျင်သူတွေကို လူမှုအကျိုးပြုဘာသာပြန်လုပ်ငန်းများတွင် ပါဝင်ခွင့်ပေးတဲ့ Translators Without Borders Volunteer Platform ~ translatorswithoutborders.org
  • Nonprofit Job, Internship, Volunteer အခွင့်အလမ်းတွေစုထားတဲ့ နာမည်ကြီး Platform တစ်ခုဖြစ်တဲ့အပြင် အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်တဲ့ Idealist ~ idealist.org/en
  • တခြားနိုင်ငံတွေက ယဉ်ကျေးမှုတွေကို လေ့လာချင်တဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာနဲ့ပတ်သက်ပြီးလေ့လာချင်တဲ့သူတွေအတွက် Workpackers ~ worldpackers.com/search/asia/myanmar
  • မြန်မာလူငယ်တွေအတွက်အထူးပြု Website တစ်ခုဖြစ်တဲ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Volunteer, Internship, Workshop, Competition အခွင့်အလမ်းတွေကို တစ်နေရာတည်းမှာရှာလို့ရနိုင်မယ့် MYEO ~ mymyeo.com/opportunities/volunteerings
  • Education, Event, Workshop, Training တွေပိုင်းတွေနှင့် Future Career ရော Study Abroad & Scholarship အတွက် လူမူအကျိုးပြုလုပ်ငန်းတွေထဲမှာ အကောင်းဆုံးထဲကတစ်ခုဖြစ်တဲ့ Hype Think Education & Hype Community ~ hypethinkeducation.com/career

Volunteer လုပ်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?

Volunteer လုပ်ခြင်းက ကိုယ့်ရဲ့လူမှုကွန်ယက် [Professional Network] ကို တည်ဆောက်ပေးတယ်။ 

Volunteer လုပ်ခြင်းရဲ့ အကြီးမားဆုံးအကျိုးကျေးဇူးတွေထဲကတစ်ခုကတော့ အလုပ်အကိုင်နယ်ပယ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်စေပြီး အဖွဲ့အစည်းတစ်ခုတည်းထဲမှာ လုပ်ကိုင်နေတဲ့ အလွှာအသီးသီးကလူတွေနဲ့လည်း ချိတ်ဆက်နိုင်မှာပဲဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားမှုနဲ့ကိုက်ညီတဲ့ Volunteer အခန်းကဏ္ဍကို ရွေးချယ်နိုင်မယ်ဆိုရင်တော့ ဒီနယ်ပယ်ကို ကိုယ့်နည်းတူစိတ်ဝင်စားမှုရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ အပြန်အလှန် လေးစားယုံကြည်မှုရရှိပြီး လေးနက်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

Volunteer လုပ်ခြင်းက အတွေ့အကြုံတွေနဲ့အတူ ယုံကြည်မှုကို တိုးတက်လာစေတယ်။

အခြားသူတွေအတွက် ကူညီဆောင်ရွက်ပေးခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်ပြီး တန်ဖိုးရှိတဲ့အတွေ့အကြုံတွေကိုလည်း ရရှိစေနိုင်ပါတယ်။ Teamwork [အဖွဲ့လိုက်လုပ်ဆောင်မှု] နဲ့ Time Management [အချိန်စီမံခန့်ခွဲမှု] လိုမျိုး ကျွမ်းကျင်မှုတွေကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့ အထောက်အကူပြုတဲ့ အချက်တွေထဲမှာပါဝင်ပါတယ်။ Volunteer လုပ်ခြင်းက တခြားသူတွေနဲ့ ဆက်သွယ်ပြောဆိုတတ်လာပြီး အသင်းအဖွဲ့အတွင်းမှာ အချင်းချင်း ကူညီပံ့ပိုးနိုင်တဲ့ အပြုအမူတွေကို လေ့လာနိုင်သလို ကိုယ်တာဝန်ယူတဲ့ Volunteer အခန်းကဏ္ဍပေါ် မူတည်ပြီး Client တွေနဲ့ ယုံကြည်မှုကိုအခြေခံထားတဲ့ ဆက်ဆံရေးတည်ဆောက်နည်းတွေပါ သင်ယူနိုင်တာကြောင့် ကိုယ့်ရဲ့ယုံကြည်မှုနဲ့ တန်ဖိုးထားမှုကို တဖြည်းဖြည်း တိုးတက်လာစေပါတယ်။

Volunteer လုပ်ခြင်းက ကိုယ်ရဲ့စိတ်အားထက်သန်မှုနဲ့ တန်ဖိုးထားတဲ့အရာတွေကို ပြသနိုင်စေတယ်။

အလုပ်အတွေ့အကြုံမရှိသေးဘဲ Interview ကိုဖြေတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်ဝင်စားတဲ့အရာတွေကို ရှင်းလင်းဖော်ပြဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ဝင်စားမှုနဲ့ သက်ဆိုင်တဲ့ Volunteer အလုပ်မျိုးလုပ်ဖူးခြင်းက ကိုယ့်ကိုဘယ်လိုလူမျိုးလဲဆိုတာ ပိုမိုသေချာစွာသိရှိစေနိုင်ပါတယ်။ Volunteer လုပ်ခြင်းကနေ အသစ်သစ်သော ကျွမ်းကျင်မှုတွေလေ့လာနိုင်သလို တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေပါ ရရှိလာတာကြောင့် အလုပ်ခွင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် Professional တစ်ယောက်အဖြစ် တိုးတက်ပြောင်းလဲစေနိုင်ပါတယ်။

Volunteer လုပ်ခြင်းက ကိုယ့်မှာရှိပြီးသား ကျွမ်းကျင်မှုတွေကို တိုးတက်စေပြီး အသစ်တွေကိုလည်း လေ့လာနိုင်စေပါတယ်။

Volunteer လုပ်ခြင်းက ကိုယ့်ရဲ့အသုံးမပြုရသေးတဲ့ ကျွမ်းကျင်မှုတွေကိုလည်း လက်တွေ့အသုံးချနိုင်ဖို့ အခွင့်အရေးပေးတဲ့အပြင် ပြောဆိုဆက်ဆံရေး၊ လူမှုဆက်ဆံရေး၊ ပြဿနာဖြေရှင်းနိုင်ရေးနဲ့ အချိန်စီမံခန့်ခွဲနိုင်ရေးစတဲ့ကျွမ်းကျင်မှုတွေက Volunteer လုပ်နေတဲ့အချိန်မှာ တိုးတက်လာနိုင်တဲ့အပြင် တခြားကျွမ်းကျင်မှုအသစ်တွေကိုလည်း ရရှိစေပါတယ်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ Volunteer အလုပ်တွေကို ရွေးချယ်ပြီးလုပ်ဆောင်ခြင်းက ကိုယ့်ရဲ့ Career တိုးတက်ဖို့အတွက် အထောက်အကူဖြစ်စေမှာ သေချာပါတယ်။

Volunteer လုပ်ခြင်းက ကိုယ့်ရဲ့အမြင်တွေကို ပိုမိုကျယ်ပြန့်စေတယ်။ 

ကျောင်းတက်ရင်းနဲ့ အချိန်ကုန်နေတာတွေ၊ နယ်ပယ်တစ်ခုတည်းမှာပဲ အလုပ်လုပ်နေရတာတွေက စိတ်ပင်ပန်းစေတတ်တာကြောင့်  Volunteer လုပ်ခြင်းက မတူညီတဲ့နယ်ပယ်တွေမှာ လုပ်ကိုင်ရတာမို့လို့  အသစ်တစ်ခုလိုအပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

Volunteer လုပ်ခြင်းက ကိုယ့်ရဲ့ Resume ကို ကောင်းမွန်တဲ့အမြင်တွေ ရစေနိုင်ပါတယ်။

Interviewer တွေအမြင်မှာ Volunteer လုပ်ဖူးခြင်းက ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ ဆက်ဆံရေး၊ အရည်အချင်းအသစ်တွေရှိကြောင်း ပြသပေးတာမို့လို့ ကိုယ့်ရဲ့ Resume ကို ဖတ်ကြည့်လိုက်တာနဲ့ “ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ကျွမ်းကျင်မှုကို အသုံးချနိုင်သူ” အဖြစ် သတ်မှတ်ကြပါတယ်။

Volunteer လုပ်ခြင်းက ကိုယ့်ရဲ့ Mental Health ကို ပိုမိုကောင်းမွန်စေတယ်။

လူငယ်တွေက အလုပ်၊ စာ၊ အနာဂတ်ရည်မှန်းချက်တွေအတွက် ရုန်းကန်လှုပ်ရှားနေကြရတာကြောင့် စိတ်ဖိစီးမှုတွေကို ခံစားရတတ်ပါတယ်။  Volunteer လုပ်ခြင်းက အချိန်စီမံနိုင်ဖို့ နဲ့ စိတ်ချမ်းသာမှုရရှိဖို့ ကူညီပေးပါတယ်။သုတေသနပညာရှင်တွေကတော့ Volunteer လုပ်ခြင်းက  စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို လျော့နည်းစေပြီး စိတ်ပင်ပန်းမှုတွေကိုလည်း လျော့ကျစေနိုင်တယ်လို့ ဆိုကြပါတယ်။ လူတွေကို ကူညီပေးခြင်း၊ အခြားသူတွေနဲ့ ဆက်ဆံမှုရှိခြင်း၊ ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ ပါဝင်နေခြင်းက စိတ်ဓာတ်မြှင့်တင်ပေးတဲ့ အခွင့်အလမ်းတွေ ဖြစ်ပါတယ်။

Volunteer လုပ်ခြင်းက ထောက်ခံစာ [Recommendation Letter] ကောင်းကောင်း ရရှိနိုင်ပါတယ်။

Volunteer လုပ်ရင်း လုပ်ဖော်ကိုင်ဖက်တွေ၊ Mentor တွေနဲ့ အဖွဲ့အစည်းအတွင်း အခြားသော အထောက်အပံ့ပေးသူတွေဆီကနေ Recommendation Letter [ထောက်ခံစာ] ရရှိနိုင်ပါတယ်။ အဲ့ဒီထောက်ခံစာတွေက ကိုယ့်ရဲ့တာဝန်ယူမှု၊ လုပ်နိုင်စွမ်းနဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြပေးတာကြောင့် အလုပ်လျှောက်တဲ့အခါပဲဖြစ်ဖြစ်၊ ပညာသင်ဆုလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ် အထောက်အကူဖြစ်စေနိုင်ပါတယ်။ Volunteer အတွေ့အကြုံရှိခြင်းက ကိုယ့်ကို အခြားသူတွေထက် ထူးခြားစေရုံသာမက အနာဂတ်မှာ တိုးတက်မှုရရှိရန် တစ်ဆင့်မြှင့်တင်ပေးနိုင်ပါတယ်။

သက်ကြီးရွယ်အိုတွေကို ပြုစုပေးဖို့အတွက် ကိုယ့်ရဲ့အချိန်အနည်းငယ်ကို ပေးတာ၊ လစဉ်တစ်ကြိမ်ဖြစ်ဖြစ်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်တာ [ဒါမှမဟုတ်] တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တွေအတွက် အလှူငွေစုဆောင်းပေးတာတွေကလည်း Volunteer လုပ်ခြင်းပဲဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ကောင်းတဲ့အရာတွေကို လုပ်တဲ့အခါ ကိုယ့်အတွက်လည်း ပိုကောင်းလာစေနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။

[Conclusion]

Volunteer ဆိုတာ ကိုယ့်အချိန်တွေကို ဖြုန်းတီးပစ်တာမဟုတ်ဘဲ  ကိုယ့်အနာဂတ်အတွက် အဓိပ္ပာယ်ရှိတဲ့အတွေ့အကြုံတစ်ခုဖြစ်လာနိုင်ပါတယ်။ လူငယ်တိုင်း ကိုယ့်ရည်မှန်းချက်တွေကို တစ်ဆင့်ချင်းစီ တက်လှမ်းနိုင်ဖို့အတွက် Volunteer လုပ်ခြင်းကနေ စတင်လိုက်ကြပါလို့ အမှာစကားပါးချင်ပါတယ်။ လူငယ်တိုင်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အကျိုးရှိစေမယ့် အကြောင်းအရာအသစ်တွေကို မျှဝေပေးသွားမှာမို့  Hype Think Education ကို Follow လုပ်ထားကြဖို့ မမေ့ကြနဲ့နော်။

Content Writer Saw Yu Nwe

Graphic

Share your love : ❤️